ဘားအံ  ၁  အောက်တိုဘာ

 

ကရင်ပြည်နယ်၊ ဘားအံမြို့ ပြည်နယ်ပြည်သူ့ဆေးရုံကြီးတွင် ကုသပေးလျက်ရှိသည့် ကိုဗစ်-၁၉ အတည်ပြုလူနာ  ၃ ဦး ပြန်လည်ကျန်းမာလာ၍ ယနေ့တွင် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။

 

ပြည်နယ်ပြည်သူ့ဆေးရုံကြီး (ဘားအံ)တွင် ပြည်နယ်အတွင်း ပိုးစတင်တွေ့ရှိခဲ့သည် မေ ၁၈ ရက်မှ ယနေ့ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၃ ဦးကို ဆေးကုသမှုပေးခဲ့ပြီး တစ်ဦးမျှသေဆုံးမှုမရှိဘဲ ယနေ့နံနက်ပိုင်းတွင် လှိုင်းဘွဲမြို့နယ် ကျောက်တောင်ကျေးရွာနှင့် ကွမ်ဘီကျေးရွာတို့မှ အတည်ပြုလူနာ နှစ်ဦး၊ မွန်းလွဲပိုင်းတွင် ကမမောင်းမှ အတည်ပြုလူနာ တစ်ဦး စုစုပေါင်း သုံးဦး ဆေးရုံမှဆင်းခဲ့ပြီး အမျိုးသားဓာတ်ခွဲခန်းမှ အတည်ပြုလူနာ ၃ ဦးကျန်ရှိပြီး ကျန်းမာရေးကောင်း မွန်လျက်ရှိကြောင်း သိရသည်။

 

“ခါတိုင်းလိုတော့ အကြာကြီးမထားတော့ဘူး၊ ပုံမှန် ၁၁ ရက်ဘဲ ထားတော့တာပေါ့၊ ဒီ ၁၁ ရက်အတွင်းမှာ သူ့တို့ကို အခြေအနေစောင့်ကြည့်တယ်၊ လိုတဲ့ဆေးလေးတွေ တိုက်တယ်၊ ၁၁ ရက်အတွင်း ဘာမှမဖြစ်တော့ဆိုရင် ၁၂ ရက်ပြည့်တဲ့ နေ့မှာ ပေးပြီးတော့ပြန်တယ်၊ အရင်တုန်းကတော့ ၂ ခါ Negative  ဖြစ်မှ ပေးပြန်တာပေါ့၊ အခုကျတော့ နောက်ပိုင်း တွေ့ရှိချက်တွေအရ ၁၁ ရက်လောက်ဆိုရင် ဒီကိုဗစ်ပိုးသည် အသက်မဝင်တော့ဘူးပေါ့၊ အဲဒီနောက်မှာ စစ်ဆေးလို့ပိုးတွေ့ရင်တောင်မှ ဒီပိုးဟာ အပိုင်းအစသာလျှင်ဖြစ်တယ်၊ အသက်မဝင်ဘူး၊ သူများကို မကူးနိုင်ဘူးဆိုတာကို နိုင်ငံတကာပညာရှင်တွေ တွေ့ရှိလာတဲ့ အခါကျတော့ ဒီ ၁၁ ရက်ပြည့်ပြီဆိုရင် တန်းပြီးပေးပြန်ပါတယ်၊ ခါတိုင်းလိုပြန်ပြီး မစစ်တော့ဘူး၊ ၁၁ ရက်ထိ ထိန်းထားတယ်၊ ၁၁ ရက် ပြည့်ပြီးတာနဲ့ လူကျန်းမာတယ်ဆိုရင် ဆေးရုံဆင်းခွင့်ပြုလိုက် တယ်” ဟု ကိုဗစ်လူနာများကို ကြပ်မတ်ကုသပေးနေသည့် ဘားအံပြည်သူဆေးရုံကြီးမှ  ဆေးပညာအထူးကု ဆရာဝန်ကြီး ဒေါက်တာချိုချိုစန်းထူး က ပြောသည်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာပြီး ပါးစပ်နှင့်နှာခေါင်းစည်း Mask များတပ်ဆင်ရန်၊ လူစုလူဝေးမပြုကြရန်၊ လက်ဆေးခြင်း၊ လက်နှင့် မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့ကို မထိတွေ့စေခြင်း၊ မိမိတို့နေအိမ်တွင်သာနေထိုင်ပြီး မလိုအပ်ဘဲ အပြင်သို့ သွားလာနေထိုင်ခြင်းများကို ရှောင်းရှားမည်ဆိုပါက ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)