ဆီဆိုင် ၂ အောက်တိုဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ရှိ ဈေးဆိုင်များတွင် မီးရှူး၊ မီးပန်း၊ ဗျောက်အိုးများ ရောင်းချခြင်းရှိ/မရှိကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေ၊ ဒုတိယဦးစီးမှူး ဦးအောင်မိုးခိုင်၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးထန်ဒေါင့်တွန်၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများတို့က မကြာမီကာလတွင် သီတင်းကျွတ်၊ တန်ဆောင်တိုင်ပွဲတော်များ ရောက်ရှိလာတော့မည်ဖြစ်ရာ မီးရှူး၊ မီးပန်း၊ ဗျောက်အိုးများ၊ ပေသီး၊ ပေအိုးများပစ်လွှတ်ခြင်း၊ ဖောက်လွှတ်ခြင်းကြောင့် ရဟန်းရှင်ပြည်သူများ၊ သက်ကြီးရွယ်အိုများ အထိတ်တလန့်ဖြစ်ရခြင်း၊ နာမကျန်းရောဂါ ခံစားနေရသူများ စိတ်အနှောင့်အယှက်ဖြစ်ရခြင်း၊ မီးဘေးအန္တရာယ် စိုးရိမ်ရခြင်း၊ မသမာသူများ၏ အဖျက်အမှောင့်၊ အနှောင့်အယှက်များ ဖြစ်ပေါ်နိုင်ခြင်းကြောင့် ဈေးဆိုင်များတွင် မီးရှူး၊ မီးပန်း၊ ဗျောက်အိုးများ၊ ပေသီး၊ ပေအိုးများ ရောင်းချမှု ရှိ/မရှိ လိုက်လံစစ်ဆေးပြီး သတိပေးခြင်း၊ သတိပေးတားမြစ်စာများ ဖြန့်ဝေခြင်း၊ သိရှိလိုက်နာမည်ဖြစ် ကြောင်း ဝန်ခံလက်မှတ်ရေးထိုးစေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)