ကျိုက်မရော ၂ အောက်တိုဘာ

 

မော်လမြိုင်၊ ကျိုက်မရောမြို့နယ်တွင်  မွေးကင်းစမှ အသက် ၁ နှစ်ခွဲအထိ  ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီက ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရာတွင် မွေးကင်းစမှ  ၁ နှစ်ခွဲအထိ ကလေးများအား အသက်အရွယ်အလိုက် လစဉ် ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက်အမြှေးရောင်၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်၊ ဝက်သက်ဂျိုက်သိုးရောဂါ ကာကွယ်ဆေး စသည်တို့ကို  ထိုးနှံပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်၊ ဆုံဆို့၊ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရာတွင် ကျန်းမာရေးဝန်ထမ်းများက ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရန်နှင့် လူစုလူဝေးမဖြစ်ပေါ်စေရန်အတွက် ကလေးငယ်များအား အလှည့်ကျစနစ်ဖြင့် ဆေးထိုးဆေးတိုက်ခြင်းကို ဆောင်ရွက်ပေးခဲ့သည်။

 

ချိုမြတ်မြတ်ထွေး(ပြန်/ ဆက်)