မိုးညှင်း ၁ အောက်တိုဘာ
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်းရှိ မသန်စွမ်းအဖွဲ့ဝင်များနှင့် တိုက်ပွဲရှောင်စခန်းမှ မသန်စွမ်းသူများအား မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့(ရုံးချုပ်)မှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ပစ္စည်းများ၊ ဆန်နှင့် ရိက္ခာများထောက်ပံ့ခြင်းကို ယမန်နေ့ နံနက် ၈ နာရီက အုတ်ကျင်းရပ်ကွက်ရှိ စစ်ရှောင်စခန်း၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ရာတွင် မိုးညှင်းမြို့နယ် မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းခင်က အုတ်ကျင်းရပ်ကွက် တိုက်ပွဲရှောင်စခန်းအတွင်းရှိ မသန်စွမ်းသူ ၁၁ ဦးအတွက် တစ်ဦးလျှင် ဆန်(၁၀)ပြည်၊ ပဲ ၁ ပိဿာ၊ ဆီ ၁ ဘူး၊ ငါးသေတ္တာ ၁ ဘူး၊ ဆား (၅၀)ကျပ်သား၊ ကြက်သွန် ၁ ပိဿာနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ပစ္စည်းများဖြစ်သည့် နှားခေါင်းစည်း၊ လက်သန့်စင်ဆေးရည်နှင့် လက်ဆေးဆပ်ပြာများ၊ အမျိုးသမီး အသုံးအဆောင်ပစ္စည်းများကို မသန်စွမ်းသူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
“အခုထောက်ပံ့မှုကို ကချင်ပြည်နယ်အတွင်းမှာ ဗန်းမော်နဲ့ ကျွန်တော်တို့ မိုးညှင်းရုံးခွဲတွေမှာရှိတဲ့ အဖွဲ့ဝင်တွေကို ထောက်ပံ့ပေးတာဖြစ်တယ်၊ အဓိကတော့ ဒီလိုကပ်ရောဂါဖြစ်နေချိန် အခက်အခဲ မရှိစေရန်အတွက် ရုံးချုပ်ကနေပြီး တတ်နိုင်သလောက် ထောက်ပံ့ပေးခြင်းဖြစ်ပါတယ်၊ အခု ဒီမှာက ၁၁ ယောက်ပေးမယ်၊ ဒါပြီးရင် ညောင်ကိုင်းနဲ့ မော်ဟန်မှာရှိတဲ့ ကျွန်တော်တို့အဖွဲ့ဝင်တွေကို ဆက်လက်ထောက်ပံ့သွားမယ်၊ နောက်ရက်ဆိုရင် ဟိုပင်နဲ့ အင်းတော်ကြီးဒေသတွေကို ဆက်လက်ထောက်ပံ့ ဖို့ရှိတယ်” ဟု ဦးထွန်းခင်က ပြောသည်။
မိုးညှင်းမြို့နယ်အတွင်း မသန်စွမ်းအဖွဲ့ဝင် ၂၀၄ ဦးအထိရှိပြီး ယခုထောက်ပံ့မှုကို မိုးညှင်းမြို့နယ်အနေဖြင့် မသန်စွမ်းဦးရေ (၁၅၀)အတွက် ရုံးချုပ်မှ ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်ကျော်ထွေး(ပြန်/ဆက်)