နေပြည်တော်  ၂ အောက်တိုဘာ 

 

(၇၅)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကာလအတွင်း ပြုလုပ်သည့် စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးညီလာခံ (၂၅)နှစ်ပြည့်အထိမ်းအမှတ် အဆင့်မြင့်အစည်းအဝေးကို အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် အောက်တိုဘာ ၁ ရက် နယူးယောက်စံတော်ချိန် နံနက် ၉ နာရီတွင် ကျင်းပသည်။    

 

အဆိုပါ အဆင့်မြင့်အစည်းအဝေးကို ကျား/မ တန်းတူညီမျှမှုရရှိရေးနှင့် အမျိုးသမီးနှင့် မိန်းကလေးငယ် များ၏ စွမ်းပကားမြှင့်တင်ခြင်းတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းခေါင်းစဉ်ဖြင့် ကျင်းပခြင်းဖြစ်သည်။ 

 

ညီလာခံဖွင့်ပွဲတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံခေါင်းဆောင်များက Video Message ဖြင့် အဖွင့်မိန့်ခွန်း များပြောကြားခဲ့ကြပြီး၊ နိုင်ငံအလိုက် အမျိုးသမီးရေးရာကိစ္စရပ်များတွင် တာဝန်ယူဆောင်ရွက်လျက်ရှိကြ သော ဝန်ကြီးများနှင့် တာဝန်ရှိသူများက အမှာစကားများ ပြောကြားခဲ့ကြသည်။

 

ညီလာခံတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဗီဒီယိုဖြင့် အမှာစကားပြောကြားရာတွင် ယခုအချိန်တွင် တစ်ကမ္ဘာလုံးရှိ နိုင်ငံများအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကို ရင်ဆိုင်တုံ့ပြန်နေကြရသဖြင့် အပြောင်းအလဲများများစွာ ဖြစ်ပေါ်နေပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံအနေဖြင့်လည်း ကိုဗစ်-၁၉ ကပ်ရောဂါ ကို ကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်း၊ ကုသခြင်းနှင့် တုံ့ပြန်ခြင်းဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်နေသကဲ့သို့ တစ်ဖက်တွင်လည်း ဒီမိုကရေစီစနစ်သို့ပြောင်းလဲခြင်း လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက် လျက်ရှိရာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပါအဝင် ဒီမိုကရေစီပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် အမျိုးသမီးများ တန်းတူကိုယ်စားပြုပါဝင်နိုင်ရန် ဆောင်ရွက်နေပါကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်သူများအားလုံး သဘောတူထားသည့် ပြည်ထောင်စု၏ သဘောတူညီချက်တွင် ကျား/မ ဆိုင်ရာလိင်ကွဲပြားမှုကို အခြေခံသော ခွဲခြားဆက်ဆံမှုမရှိစေရေး၊ တန်းတူညီမျှမှုရှိစေရေးတို့အတွက် မူဝါဒ ချမှတ်ဆောင်ရွက်ရန်၊ ကဏ္ဍအသီးသီးတွင် အမျိုးသမီးများအနည်းဆုံး (၃၀)ရာခိုင်နှုန်း ပါဝင်ရေးကို အားပေးရန်၊ ကျား/မ ရေးရာ အခြေပြုအကြမ်းဖက်မှုများကို ကာကွယ်နိုင်သည့်မူဝါဒများ ချမှတ်အကောင် အထည်ဖော်ရန်၊ အမျိုးသမီးများ၏စွမ်းဆောင်မှုကို မြှင့်တင်ရန်စသည့် ကျား/မ ဆိုင်ရာတန်းတူညီမျှမှု အတွက် ဆောင်ရွက်ရန် သဘောတူညီချက်များပါဝင်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့်  ကျား/မတန်းတူရည်တူရှိမှု မြှင့်တင်ရေးနှင့် ထိခိုက်ခံစားလွယ်သောအုပ်စုများကို ကာကွယ်ရေးလုပ်ငန်းများကို ကြိုတင်ကာကွယ်ခြင်း၊ တားဆီးခြင်း၊ တုံ့ပြန်မှုပေးခြင်း နည်းလမ်းအမျိုးမျိုးဖြင့် ဥပဒေများ၊ မူဝါဒများချမှတ်ခြင်းမှသည် လက်တွေ့အကောင် အထည်ဖော်ခြင်းအထိ အဆင့်ဆင့်၌ အားသွန်ခွန်စိုက် ဆောင်ရွက်နေပါကြောင်း၊ အစိုးရဌာနများအပြင် အမျိုးသမီးအရေးကို တက်ကြွစွာဆောင်ရွက်နေကြသည့် အမျိုးသမီးအဖွဲ့ (၁၁)ဖွဲ့တို့ဖြင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၏ လမ်းညွှန်မှုဖြင့်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) ကို အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းပါအချက်များနှင့်အညီ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါမဟာဗျူဟာစီမံကိန်း၏ ကျန်ရှိသည့်စီမံကိန်းကာလ (၃)နှစ်အတွက် လုပ်ငန်းစီမံချက်(၂၀၂၀-၂၀၂၂) ကိုလည်း ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း၊ အမျိုးသမီးများနှင့် အမျိုးသမီး ငယ်ရွယ်များအပေါ် လိင်အကြမ်းဖက်မှုအပါအဝင် နည်းမျိုးစုံဖြင့်အကြမ်းဖက်မှုများကို ထိရောက်စွာ ကာကွယ်စောင့်ရှောက်ပေးနိုင်ရန် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေ (မူကြမ်း)အား လွှတ်တော်သို့ တင်ပြထားရှိပါကြောင်း။

 

ပဋိပက္ခအတွင်းအမျိုးသမီးများအား အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအတွက် လုပ်ငန်းစီမံချက်(မူကြမ်း)ကို ရေးဆွဲထားရှိပြီး အတည်ပြုနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကို ရင်ဆိုင်တုံ့ပြန်ရာတွင်လည်း အမျိုးသမီးများ၊ မိန်းကလေးငယ်များနှင့် ထိခိုက်လွယ် အုပ်စုများအပါအဝင် မည်သူတစ်ဦးတစ်ယောက်မျှ ကျန်ရစ်ခြင်းမရှိစေရဟူသော မူအတိုင်း ကာကွယ်တုံ့ပြန် မှုများကို ဆောင်ရွက်နေပါကြောင်း၊ ထို့အပြင် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင်နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်နိုင်ရန်အတွက် စီမံချက်ရေးဆွဲ၍ နိုင်ငံတော်မှ ငွေကျပ် ၂ ဒသမ ၁ ဘီလီယံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကြောင့် သက်ရောက်မှုရှိလာမည့် လူမှုစီးပွားရေးအခြေအနေ များကို ကုစားနိုင်ရန် လတ်တလော အကူအညီပေးအပ်မှုအစီအစဉ်နှင့် ရေရှည်ပြန်လည်ထူထောင်ရေး လုပ်ငန်းများပါဝင်သည့် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ကိုလည်း ဆောင်ရွက်လျက်ရှိရာ အဆိုပါ အစီအစဉ်တွင် ကျား/မရေးရာကို ထည့်သွင်းစဉ်းစားထားသည့် လူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ် များလည်း ပါဝင်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကျား/မ တန်းတူညီမျှမှုရရှိရေးနှင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများကို ဆက်လက်၍ ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ ကြောင်း သိရသည်။

 

သတင်းစဉ်