နေပြည်တော် ၂ အောက်တိုဘာ
ထိုင်းနိုင်ငံသို့ မြန်မာအလုပ်သများ MOU စနစ်ဖြင့်စေလွှတ်ရေး၊ ထိုင်းနိုင်ငံအတွင်းရှိ မြန်မာအလုပ်သမားများ တရားဝင် ဆက်လက်အလုပ်လုပ်ကိုင်ခွင့်ရရှိရေး ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ အမြဲတမ်းအတွင်းဝန်၊ ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိ၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ထိုင်းနိုင်ငံရှိ မူလအလုပ်ရှင်ထံတွင် ပြန်လည်အလုပ်လုပ်ကိုင် လျက်ရှိသော အလုပ်ခန့်ထားရေးစာချုပ်ချုပ်ဆိုပြီး အလုပ်လုပ်ခွင့်ပါမစ်ရရှိထားပြီးဖြစ်သော လုပ်သားဟောင်းများ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရန် မလိုဘဲ မဲဆောက်-မြဝတီ နယ်စပ်ဂိတ်တွင် လက်ခံရေးစခန်းဖွင့်လှစ်၍ MOU စနစ်ဖြင့်လုပ်သားများ ပြန်လည်စေလွှတ်မည့် အစီအစဉ်တင်ပြချက်ကို ရရှိခဲ့ကြောင်း၊ အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနအနေဖြင့် မြန်မာအလုပ်သမားများ ကုန်ကျစရိတ်သက်သာစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံးမှုမရှိစေရေးတို့အတွက် ထိုင်းနိုင်ငံအစိုးရဌာနများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည့်အပြင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် အလုပ်သမားသံအရာရှိတို့ကလည်း သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်း လျက်ရှိကြောင်း၊ လတ်တလောဖြစ်ပွားနေသော ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြောင်းလဲနေသည့် အခြေအနေများ အပေါ်မူတည်ပြီး ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ နှစ်နိုင်ငံရှိ သက်ဆိုင်ရာဌာနများ၊ အလုပ်သမားစေလွှတ်သည့် အေဂျင်စီများ၊ အလုပ်သမားများက ညှိနှိုင်းပူးပေါင်းလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း ထိုသို့လုပ်ဆောင်နိုင်ရန် သတင်းအချက်အလက် မှန်ကန်စွာရရှိရန်လိုအပ်ကြောင်း၊ ထိရောက်သောလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဝန်ကြီးဌာန၊ သက်ဆိုင်ရာမြန်မာသံရုံး၊ အလုပ်သမားသံအရာရှိတို့နှင့် အလုပ်ရှင်၊ အလုပ်သမား၊ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီနှင့် ထိုင်းအေဂျင်စီတို့မှ စီမံချက်များရေးဆွဲ၍ ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ကြောင်း။
အလုပ်အကိုင်ဝန်ဆောင်မှုပေးမည့် အေဂျင်စီများအနေဖြင့် ထိုင်းနိုင်ငံမှ သတ်မှတ်ထားသည့် လုပ်ငန်းစဉ်များ၊ ကန့်သတ်ချက်များ၊ လိုအပ်ချက်များကိုသိရှိအောင် ဆောင်ရွက်ထားပြီး အလုပ်သမားများအား အသိပေးထားရန်၊ စာရင်းဇယားများ အချက်အလက်များ အထောက်အထားများ ကြိုတင်ပြုလုပ်ထားရန်၊ ထို့ပြင် ထိုင်းနိုင်ငံရှိ အလုပ်ရှင်များ၊ အေဂျင်စီများနှင့်လည်း မပြတ်ချိတ်ဆက် ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ထိုင်းနိုင်ငံတွင်ရောက်ရှိနေသော မြန်မာအလုပ်သမားများ တရားဝင်ဆက်လက် အလုပ်လုပ် ကိုင်ခွင့်ရရှိရေး၊ MoU စနစ်ဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် အလုပ်ရှင် အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် (EC) ချုပ်ဆိုပြီး မြန်မာနိုင်ငံတွင် စောင့်ဆိုင်းနေသည့် အလုပ်သမားများ အမြန်ဆုံးစေလွှတ်နိုင်ရေး၊ အလုပ်ရှင် အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် (EC)ချုပ်ဆိုပြီး ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်လုပ်ကိုင်နေသော အလုပ်သမား(အဟောင်း)များအတွက် MoU လုပ်ငန်းစဉ်ဖြင့် နယ်စပ်၌ ဆောင်ရွက်ပေးနိုင်ရေး အစီအစဉ်များကို အသေးစိတ် ရှင်းလင်းတင်ပြသည်။
တင်ပြ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ အလုပ်သမားသံအရာရှိက MOU အလုပ်သမား ဟောင်းများ တရားဝင် ဆက်လက်အလုပ်လုပ်ကိုင်ခွင့်ရရှိရေး ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများ နှင့် ညှိနှိုင်းဆွေးနွေးရရှိမှုများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်အသေးစိတ်ကို ရှင်းလင်းတင်ပြဆွေးနွေးရာ တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်တို့မှ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်