နေပြည်တော် ၂ အောက်တိုဘာ
လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ၂၀၂၀-၂၀၂၁ ခုနှစ်ထွက်စပါးများကို ဝယ်ယူခဲ့မှု အခြေအနေအား သုံးသပ်နိုင်ရေးနှင့် ၂၀၂၀-၂၀၂၁ ခုနှစ်အတွက် စပါးများကို အခြေခံရည်ညွှန်းစပါး ဈေးနှုန်းဖြင့် ဝယ်ယူသည့် အခါ ယခင်နှစ်ကကဲ့သို့ အခက်အခဲများ မဖြစ်ပေါ်စေရေးအတွက် ဝယ်ယူမည့် နည်းလမ်းများနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးရန်အတွက် ယခုအစည်းအအဝေးကို ကျင်းပခြင်းဖြစ်ပြီး သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ် စပါး၊ ဆန်ဝယ်ယူကြီးကြပ်မှု လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌများအနေဖြင့် စပါးဝယ်ယူနိုင်ရေးအတွက် ဝယ်ယူမည့်ဒေသ၊ ဝယ်ယူမည့်အစီအစဉ်များကို အသေးစိတ် ညှိနှိုင်းဆွေးနွေးပေးစေလိုကြောင်း။
၂၀၁၉ ခုနှစ်အတွက် တင်ဒါစနစ်ဖြင့် အခြေခံဈေးနှုန်း အောက်ကျနေသည့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အခြေခံရည်ညွှန်းဈေးနှုန်းဖြင့် မိုးစပါး ဝယ်ယူရေးဆောင်ရွက်ခဲ့ ရာတွင် ဝယ်ယူပြီးနောက် ပြင်ပပေါက်ဈေးနှုန်းသည် အခြေခံဈေးနှုန်းအထက်တွင် ရှိသည်ကိုတွေ့ရှိရ၍ မိမိတို့၏ဆောင်ရွက်မှုသည် အတိုင်းအတာတစ်ခုအထိ အောင်မြင်သည်ဟု သုံးသပ်မိပါကြောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ်ထွက်စပါးများကို အခြေခံရည်ညွှန်းပါဈေးနှုန်းဖြင့် တိုင်းဒေသကြီး/ပြည်နယ် (၅)ခုတွင် ဝယ်ယူရန် အတွက် ငွေကျပ် ဘီလီယံ (၂၀)အား နိုင်ငံတော် လှည့်ပတ်ရန်ပုံငွေ (Revolving Fund) မှ ထုတ်ယူသုံးစွဲ ခွင့်ပြုနိုင်ရေး ဦးဆောင်အဖွဲ့သို့ တင်ပြပြီး စီးပွားရေးရာကော်မတီသို့ ဆက်လက်တင်ပြပြီး ဖြစ်ပါကြောင်း၊ ၂၀၁၉-၂၀၂၀ ခုနှစ်အတွက် စပါးများကိုဝယ်ယူခဲ့မှုအပေါ် အားသာချက်၊ အားနည်းချက်များကို သုံးသပ်နိုင်ရေး အတွက်လည်းကောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ်ထွက် စပါးများကို အခြေခံရည်ညွှန်း စပါးဈေးနှုန်းဖြင့် ဝယ်ယူသည့်အခါ ယခင်နှစ်များကဲ့သို့ အခတ်အခဲများ မဖြစ်ပေါ်စေရေးအတွက် ဝယ်ယူမည့် နည်းလမ်းများနှင့် စပ်လျဉ်း၍လည်းကောင်း အစည်းအဝေး တက်ရောက်လာကြသော လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေး အဖွဲ့ဝင်များ၊ စပါး၊ ဆန် ဝယ်ယူကြီးကြပ်မှု လုပ်ငန်းအဖွဲ့များ၊ အသင်းအဖွဲ့များအနေဖြင့် ဝိုင်းဝန်းဆွေးနွေး အကြံပြုစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးများ၊ စပါး၊ ဆန် ဝယ်ယူကြီးကြပ်မှု လုပ်ငန်းအဖွဲ့များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ မြန်မာ့ကုန်ပစ္စည်း စစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် ဆန်စပါးကုန်သည်များက တာဝန်ရှိသူများက လုပ်ငန်းကဏ္ဍအလိုက် တင်ပြကြရာ တင်ပြချက်များအပေါ်အဖွဲ့ဥက္ကဋ္ဌက ပြည်လည်ဆွေးနွေးပြီး နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်