၃ အောက်တိုဘာ
ဆေးလိပ်သောက်တဲ့သူတွေ ကိုဗစ်-၁၉ ကူးစက်ခံရလို့ ဆေးရုံတက်ရပြီဆိုတဲ့အခါ ဆေးလိပ်လုံးဝ မသောက်တဲ့သူတွေထက် ပိုပြီး ရောဂါလက္ခဏာ ပြင်းထန်စွာ ခံစားရတဲ့အပြင် သေဆုံးမှု လည်း ပိုများတယ် ဆိုတာကို လေ့လာသူတွေက အများသိအောင် ထုတ်ဖော်လိုက်တဲ့အတွက် ဒီကိစ္စဟာ ဆေးလိပ်စွဲနေသူတွေ ဆေးလိပ်ပြတ်ဖို့ တွန်းအားတစ်ခု ဖြစ်လာခဲ့ပါတယ်။
ခံနိုင်ရည်မရှိ
ကူးစက်ရောဂါတွေ အကြီးအကျယ်ဖြစ်ပွားနေတဲ့ ယနေ့လို အချိန်မျိုးဟာ ဆေးလိပ်သောက်တဲ့သူတွေအတွက် စိုးရိမ်စရာ အချိန်တစ်ခုဆိုတာ အသေအချာပါပဲ။ ကမ္ဘာတစ်ဝန်းမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ တစ်ခုဖြစ်တဲ့ ကိုဗစ်- ၁၉ ဟာ အရှိန်အဟုန်ကြီးမားတဲ့ တောမီးပမာ မြန်မြန်ဆန်ဆန် ကူးစက်တောက်လောင်နေတဲ့ အချိန်အခါမျိုးမှာ အထူးသဖြင့် ကျန်းမာရေးနဲ့ ညီညွတ်မှုမရှိတဲ့ နေ့စဉ် နေထိုင်စားသောက် မှုပုံစံရှိသူတွေနဲ့ ကျန်းမာကြံ့ခိုင်အောင်နေထိုင်တတ်တဲ့ အလေ့အကျင့် မရှိသူတွေဟာ ရောဂါကူးစက်မှုဒဏ်ကို ခံနိုင်ရည်မရှိတဲ့ သူတွေ ဖြစ်လာပါတယ်။
သုံးဆလောက်တိုးလာ
မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုမှာ ဩစတြေးလျနဲ့ ဗြိတိန်နိုင်ငံတစ်ဝန်းက အရွယ်ရောက်ပြီးဖြစ်တဲ့ ဆေးလိပ်သောက်သုံးသူ ၁၂၀၄ ဦးကို စစ်တမ်းကောက်ယူလိုက်တဲ့အခါ ကိုဗစ်- ၁၉ ကူးစက်မှုမဖြစ်သေးခင်က ဆေးလိပ်ဖြတ်ဖို့ ကြိုးစားတဲ့သူ ၁၀ ရာခိုင်နှုန်းလောက်သာ ရှိခဲ့ရာကနေ ဧပြီလအရောက်မှာတော့ ၂၉ ရာခိုင်နှုန်းလောက်အထိ ဖြစ်လာတာကို တွေ့ရပါတယ်။ ဆေးလိပ်ဖြတ်ဖို့ ကြိုးစားတဲ့သူ အရေအတွက်ဟာ ရောဂါဖြစ်ပွားပြီးနောက်မှာ သုံးဆလောက် သိသိသာသာ တိုးလာခဲ့တာပါ။
မကြာခင်အချိန်အတွင်း ဆေးလိပ်ဖြတ်ဖို့ ကြံရွယ်နေတဲ့သူတွေလည်း အများအပြားရှိနေသလို တချို့ဆေးလိပ်သမားတွေကတော့ ဆေးလိပ်ဖြတ်ဖို့ အကူအညီ လိုအပ်နေပါတယ်။ လေ့လာမှုရလဒ်တွေက ဆေးလိပ်သောက်တဲ့ သူတွေဟာ ကိုဗစ်- ၁၉ နဲ့ဆက်နွယ်တဲ့ အသက်အန္တရာယ် ထိခိုက်နိုင်မှုကို လျှော့ချဖို့ ဆေးလိပ်ဖြတ်မှဖြစ်မယ်ဆိုတဲ့ အသိစိတ်ဝင်လာတယ် ဆိုတာကို ဖော်ပြနေပါတယ်။
အကူအညီပေးဖို့လို
ဒီတော့ ကိုဗစ်- ၁၉ ရောဂါဆိုးကြီးကို ရင်ဆိုင်ရာမှာ ဆေးလိပ်သောက်တာကို ရပ်လိုက်ခြင်းအားဖြင့် ကျန်းမာရေး ဆိုင်ရာ ကောင်းကျိုးတွေ ပိုမိုရရှိလာဖို့အတွက် ဆေးလိပ်ဖြတ်ချင် သူတွေကို သေချာအကူအညီပေးနိုင်ဖို့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဆေးလိပ်သောက်တာကိုရပ်သွားစေဖို့ အထောက်အကူပြုတဲ့ အခြေခံနည်းတွေထဲမှာ နီကိုတင်း အစားထိုးကုစားမှု (သာဓကအားဖြင့် ပီကေဝါးခြင်းနဲ့ ရှူဆေးတစ်မျိုးမျိုး အသုံးပြု တာ) နဲ့ နှစ်သိမ့်ဆွေးနွေးအကြံပေးခြင်းတွေ ပါဝင်ပါတယ်။
ဆေးလိပ်ဖြတ်လိုသူတွေရဲ့ သုံးပုံနှစ်ပုံလောက်က နီကိုတင်း အစားထိုးတဲ့နည်းနဲ့ အကူအညီပေးတာကို စိတ်ဝင်စားခြင်း ဖော်ပြနေကြပြီး တကယ်လို့သာ ၎င်းတို့လိုအပ်တဲ့ အစားထိုး ပစ္စည်းတွေကို ပို့ခမယူဘဲ အိမ်တိုင်ရာရောက် ပို့ပေးတယ်ဆိုရင် ဆေးလိပ်ဖြတ်ချင်တဲ့သူ အရေအတွက်ဟာ ၇၇ ရာခိုင်နှုန်း ထက်မက တိုးပွားလာနိုင်ဖွယ်ရှိတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ ကျန်တဲ့ ၅၁ ရာခိုင်နှုန်းကတော့ လူကိုယ်တိုင် နှစ်သိမ့် ဆွေးနွေးအကြံပေးမှု ခံယူလိုကြတာကို တွေ့ရပါတယ်။
နီကိုတင်းစွဲလမ်းခြင်း
ဒီရလဒ်တွေအရဆိုရင် ဆေးလိပ်သောက်တဲ့သူတွေဟာ အဝေးကနေ ဆေးလိပ်ဖြတ်ဖို့ လိုအပ်တဲ့ အကူအညီ ပစ္စည်းတွေ ပေးပို့တာကို ပိုပြီးနှစ်ခြိုက်ကြပါတယ်။ အဝင်၊ အထွက်ကန့်သတ် ပိတ်ဆို့မှုတွေ ပြုလုပ်ထားတဲ့ ကာလမှာ အဲဒီအထောက်အကူပြု ပစ္စည်းတွေရနိုင်တယ်ဆိုတဲ့အကြောင်း ၎င်းတို့ကို သေချာသိ အောင် လုပ်ဆောင်နိုင်မယ်ဆိုရင် ဆေးလိပ်သောက်တဲ့နှုန်းကလည်း ကျဆင်းလာနိုင်ပါတယ်။
နောက်ထပ် အရေးကြီးတာတစ်ခုလည်း ရှိပါသေးတယ်။ အဲဒါကတော့ ကိုဗစ်- ၁၉ကူးစက်မှုနဲ့ ဆက်နွယ်တဲ့ တစ်ကိုယ်ရေ သီးခြားနေထိုင်ရမှုက လူတွေကို ဆေးလိပ်မှာပါတဲ့ နီကိုတင်းစွဲလမ်းခြင်း ပိုဖြစ်လွယ်စေပါတယ်။ အဲဒီလူတွေအတွက် အခုလို အချိန်ကာလမျိုးမှာ တခြားအကူအညီတွေလည်း လိုအပ်ကောင်း လိုအပ်နိုင်ပါသေးတယ်။
နံပါတ် ၁ လူသတ်လက်နက်တစ်ခု ဖြစ်နေဆဲ
ကမ္ဘာ့နိုင်ငံတွေတချို့မှာ ဆေးလိပ်သောက်ခြင်းကို ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေ၊ ဆေးရွက်ကြီး ထုတ်ကုန်တွေအပေါ် အခွန်စည်းကြပ်မှုတွေနဲ့ ဆေးလိပ်ကင်းစင်နယ်မြေ သတ်မှတ်တဲ့ ဥပဒေချမှတ်ဆောင်ရွက်မှုတွေကြောင့် ဆေးလိပ် သောက်သုံးမှုကို အတိုင်းအတာတစ်ခုအထိ စံချိန်တင်လျော့ကျစေခဲ့ပါတယ်။ ဒီလိုအခြေအနေအထိ လျှော့ချနိုင်ခဲ့တဲ့ တိုင်အောင် ဆေးလိပ်သောက်ခြင်းဟာ အခုအချိန်အထိ လူ့အသက်ကို ဆုံးရှုံးစေနိုင်တဲ့ နံပါတ် ၁ လူသတ်လက်နက် တစ်ခုအဖြစ် ရှိနေတုန်းပါပဲ။
နှစ်စဉ် ပြည်သူရှစ်သန်းလောက်အထိ သေဆုံး
ဆေးလိပ်ပုံမှန်သောက်တဲ့သူတွေရဲ့ သုံးပုံနှစ်ပုံလောက်ဟာ အသက်ဆုံးရှုံးနေရပြီး ဆေးလိပ်သောက်ခြင်းနဲ့ ဆက်နွယ်တဲ့ ရောဂါဖြစ်ပွားမှုတွေကြောင့် သေဆုံးရတဲ့သူ အရေအတွက်ဟာ ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားချိန်မှာ အဖြစ်များလျက် ရှိပါတယ်။ နှစ်စဉ်နှစ်တိုင်း ဆေးလိပ်နဲ့ ဆေးရွက်ကြီးကြောင့် ဖြစ်ရတဲ့ ကင်ဆာ၊ လေဖြတ်ခြင်းနဲ့ နှလုံးရောဂါတွေကြောင့် ကမ္ဘာတစ်ဝန်းမှာ ပြည်သူရှစ်သန်းလောက်အထိ သေဆုံးနေရတာမို့လို့ ကိုဗစ်- ၁၉ ကြောင့် သေဆုံးရတဲ့သူ အရေအတွက် ထက်တောင်ပိုများနေတယ်ဆိုတာကို သတိပြုစရာဖြစ်ပါတယ်။ ဒါကြောင့် ကိုဗစ်- ၁၉ ကပ်ရောဂါက ပြည်သူလူထုဆီ ခြိမ်းခြောက်မှုတွေနဲ့ ဝင်ရောက်လာချိန်မှာ ရောဂါဒဏ်ကို ပိုပြီးထိခိုက်ခံစားရနိုင်တဲ့ ဆေးလိပ်သောက်သူတွေ ဆေးလိပ် မြန်မြန်ဖြတ်နိုင်ဖို့ တတ်နိုင်သမျှ တွန်းအားပေးဖို့နဲ့ အကူအညီတွေပေးဖို့ လိုအပ်လာပါတယ်။
တွန်းအားတစ်ခုဖြစ်လာ
ဆေးလိပ်သောက်ခြင်းဟာ ကိုဗစ်- ၁၉ ကူးစက်ခံရဖို့ ပိုလွယ်တယ်ဆိုတဲ့သတိပေးချက်တွေ ရှိနေသလို တစ်ဖက်မှာ လည်း နီကိုတင်းဟာ ကိုဗစ်-၁၉ ရောဂါကိုကာကွယ်တယ်ဆိုတဲ့ ကောလာဟလတွေကလည်း ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် ခိုင်လုံတဲ့ သက်သေအထောက်အထား ဖော်ပြမှုတွေတော့ မရှိသေးပါဘူး။ သေချာတာကတော့ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားနေတဲ့ကာလမှာ ဆေးလိပ်သောက်သုံးသူတွေဟာ ဆေးလိပ် (မသောက်တဲ့သူတွေထက် ပိုပြီးသေဆုံးတယ်ဆိုတဲ့ တွေ့ရှိချက်က ဆေးလိပ်ဖြတ်ဖို့ တွန်းအားတစ်ခု ဖြစ်လာတဲ့အတွက် ဝမ်းသာစရာ သတင်းကောင်းတစ်ခုပါပဲ။
ကလျာမိုးမြင့်
ကိုးကား- ချန်နယ်နယူးအေးရှား


