ဂျကာတာ ၃ အောက်တိုဘာ
အင်ဒိုနီးရှားနိုင်ငံက လာမည့်နှစ်မကုန်မီ ပြည်သူ သန်း ၁၆၀ ကို ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးပေးဖို့ မျှော် လင့်နေတယ်လို့ သိရပါတယ်။
ထောင်ချီတဲ့ ကျွန်းတွေနဲ့ဖွဲ့စည်းထားတဲ့ အင်ဒိုနီးရှားနိုင်ငံ လူဦးရေရဲ့ထက်ဝက်ကျော်ကို ဗိုင်းရပ်စ်ကာ ကွယ်ဆေးထိုးပေးဖို့ စီမံချက်တစ်ရပ် သတ်မှတ်လိုက်ခြင်းဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ စတုတ္ထမြောက် လူဦးရေအများဆုံးဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံက အလုပ်လုပ်ကိုင်တဲ့ ပြည်သူ တွေကို ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးပေးမဲ့ကြိုးပမ်းမှုတွေ အစိုးရက အလေးထားဆောင်ရွက်ခြင်း ဖြစ်ပါတယ်။
စီမံချက်အရ အင်ဒိုနီးရှားနိုင်ငံ လူဦးရေ ၂၆၈ သန်းရဲ့ ၇၀ ရာခိုင်နှုန်းဖြစ်တဲ့ အသက် ၁၉ နှစ်မှ ၅၉ နှစ် အရွယ် ပြည်သူတွေအပြင် ကပ်ရောဂါတိုက်ဖျက်ရေးမှာ ရှေ့မျက်နှာစာကနေပါဝင်နေတဲ့ ကျန်းမာရေးလုပ်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တပ်မတော်သားတွေကို ဦးစားပေးပြီး ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးပေးမယ်လို့ စီးပွားရေးရာ ညှိနှိုင်းဆောင်ရွက်ရေးဝန်ကြီး အဲလန်ဂါဟာတာတိုက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ မကြာသေးမီက တစ်ရက်လျှင် ဗိုင်းရပ်စ်ကူးစက်မှု ၄၀၀၀ ခန့် မြင့်တက်လာခဲ့လို့ လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုကျော်ကဖြစ်ပွားခဲ့တဲ့ အာရှဘဏ္ဍာရေး အကျပ်အတည်းနောက်ပိုင်း နိုင်ငံ့စီးပွားရေးဟာ ပထမဆုံးအကြိမ် ကျဆင်းလာခဲ့ပါတယ်။
တရုတ်နိုင်ငံ Sinovac Biotech Ltd. ကထုတ်လုပ်တဲ့ ဗိုင်းရပ်စ်ကာကွယ်ဆေးတစ်မျိုးနဲ့ ဂျကာတာမြို့ တော်အခြေစိုက် PT Lakbe Farma က တောင်ကိုရီးယားနိုင်ငံမှ Genexine Co. နှင့် ပူးတွဲထုတ်လုပ်တဲ့ ဗိုင်းရပ်စ်ကာကွယ်ဆေး အပါအဝင် အင်ဒိုနီးရှားနိုင်ငံက ဗိုင်းရပ်စ်ကာကွယ်ဆေးတွေ အပြီးသတ်အဆင့် လက်တွေ့စမ်းသပ်မှုတွေ လုပ်ဆောင်နေပါတယ်။
အင်ဒိုနီးရှားနိုင်ငံအနေနဲ့ ရည်မှန်းချက်ပြည့်မီဖို့ ဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးရေ သန်း ၃၇၀ လိုအပ်ပြီး ပထမအဆင့်မှာ ဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးရေ ၃၆ သန်းကို ဒီနှစ် စတုတ္ထသုံးလအတွင်း ဖြန့်ဝေဖို့ မျှော်မှန်းထားတယ်လို့ ဟာတာတိုက ပြောပါတယ်။--ကိုးကား--ဘလွန်းဘဂ့်
Ref; Indonesia Plans to Vaccinate 160 Million People by End of 2021