ပဲခူး အောက်တိုဘာ ၁၁

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီလုပ်ငန်းရှင်အသင်းတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆီလုပ်ငန်းရှင်များအသင်းနှင့် ချိတ်ဆက်၍ စားအုန်းဆီများအား ပြည်သူများသို့ ရောင်းချပေးလျက်ရှိသည်။

ပြင်ပပေါက်ဈေး စားအုန်းဆီ(၁) ပိဿာလျှင် ငွေကျပ် (၅၀၀၀)ကျော်ဖြစ်နေသည့် အချိန်တွင် သက်ဆိုင်ရာ ခရိုင်/မြို့နယ်ဆီလုပ်ငန်းရှင်များအသင်းတို့မှ (၁)ပိဿာလျှင် (၃၈၅၀)ကျပ်ဖြင့် ရောင်းချပေးလျက်ရှိသည်။

ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်းရှိ မြို့နယ်(၈)မြို့နယ်တွင် စက်တင်ဘာလ (၂၂) ရက်နေ့မှစတင်ပြီး စားအုန်းဆီပိဿာ (၁၀၇၂၅၀) ကိုလည်း‌ကောင်း၊ ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်း မြို့နယ်(၆) မြို့နယ်တွင် စားအုန်းဆီပိဿာ(၈၈၀၀၀) ကိုလည်းကောင်း၊  ပိဿာစုစုပေါင်း (၁၉၅၂၅၀) တို့ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆီလုပ်ငန်းရှင်အသင်းတို့က ရောင်းချပေးပြီးဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်၌ တစ်မြို့နယ်လျှင် ပိဿာပေါင်း(၁၄၀၀၀)ကိုလည်း ပြည်သူများထံသို့ ရောင်းချပေးနိုင်ခဲ့ပြီး ဆက်လက်ရောင်းချပေးနိုင်ရေးကိုလည်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

တင်စိုး(ပဲခူး)