ဒီးမော့ဆို ၂၃ သြဂုတ်

ကယားပြည်နယ်အစိုးရအဖွဲ့မှ ဒီးမော့ဆိုမြို့နယ် ဝမ့်လထွားကျေးရွာ ဓမ္မဝိနယရံသီကျောင်းတိုက်တွင် တည်ထားကိုးကွယ်သည့် ဖူးရင်ထူးခြားစေတီတော်မြတ်ကြီးတွင် ဟင်္သာတိုင်နှင့် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူနိုင်ရန်အတွက် ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော အစိုးရအဖွဲ့က ယနေ့ မွန်းလွှဲ ၃ နာရီခွဲတွင် အလှူတော်ငွေ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
    
ရှေးဦးစွာ ကျောင်းထိုင်ဆရာတော်ထံ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို အမှူးပြုသော အစိုးရအဖွဲ့က ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး ဒေါ်မြင့်မြင့်မော် တို့က ဟင်္သာတိုင် တည်ထားနိုင်ရန်အတွက် အလှူတော်ငွေကျပ် ၂၅ သိန်း၊ ကယားပြည်နယ်အစိုးရအဖွဲ့မှ ဉာဏ်တော်အမြင့် ၅၂ ပေရှိ ဖူးရင်ထူးခြား စေတီတော်မြတ်ကြီးနှင့် အရံ စေတီတော် ၆၀ ဆူအတွက် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူနိုင်ရန် အလှူတော်ငွေကျပ်သိန်း ၆၀၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးညီညီမင်းနှင့်ဇနီး၊ ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ထွန်းလင်း၊ ပြည်နယ်ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှူး ဦးအောင်ဆန်း၊ ပြည်နယ်ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနမှူး ဦးရဲနိုင်အောင်၊ ပြည်နယ်ဟိုတယ်နှင့် ခရီးညွှန်ကြားမှုဦးစီးဌာနမှူး ဦးလင်းဇော်ထွဋ်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဝင်းနှင့် ဇနီးတို့က အလှူတော်ငွေကျပ် တစ်သိန်းစီ၊ ကိန္နရီ ကိန္နရာ အထည်ဆိုင်မှ အလှူတော်ငွေကျပ် နှစ်သိန်း၊ စုစုပေါင်း အလှူတော်ငွေကျပ် ၉၃ သိန်းကို ကျောင်းထိုင် ဆရာတော်ထံ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် ကျောင်းထိုင်ဆရာတော်က လှူဒါန်းမှု အစုစုအတွက် ရေစက်ချတရားတော် ချီးမြှင့်တော်မူပြီး စေတီတော်မြတ်ကြီး တည်ထားပြီးစီးမှု အခြေအနေများကို ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော အစိုးရအဖွဲ့က သွားရောက်ဖူးမြော် ကြည်ညိုခဲ့ကြောင်း သိရသည်။

ရီရယ်(ဒီးမော့ဆို)