ကြို့ပင်ကောက် ၂၆ မေ
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် မေ ၂၆ ရက် နံနက် ၉ နာရီခွဲက ကြို့ပင်ကောက်မြို့နယ် ဥယျာဉ်ကြီးကျေးရွာအုပ်စု ကျစွာရန်အောင်မြင် ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ်ဦးဝင်းသိန်းက ယခုတွေ့ဆုံပွဲသည် ဒေသခံပြည်သူတို့၏ အခက်အခဲများကို သက်ဆိုင်ရာ ဌာနဆိုင်ရာအကြီးအကဲများနှင့် တွေ့ဆုံပြီး ဖြေရှင်းသည့်ပွဲဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲမှုတွင် မတူကွဲပြားမှုများကြောင့် ဖြစ်ပေါ်နေသော ပဋိပက္ခများကို အချင်းချင်းပူးပေါင်းဆောင်ရွက်ခြင်း၊ ညှိနှိုင်းပေါင်းစပ် အဖြေရှာခြင်းတို့ဖြင့် တည်ငြိမ်ငြိမ်းချမ်းသော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ဒေသခံပြည်သူများက လျှပ်စစ်မီးလင်းရေးကဏ္ဍ၊ လမ်းတံတားကိစ္စရပ်များ၊ ပညာရေးဆိုင်ရာကိစ္စရပ်များ၊ မြေယာဆိုင်ရာ ကိစ္စရပ်များနှင့် ဥပဒေဆိုင်ရာကိစ္စရပ်များကို တင်ပြကြရာ ဝန်ကြီးချုပ်က လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မေ ၂၀ ရက်က ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် လေဘေးသင့် ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုး၊ ဆန်ရိက္ခာဖိုးနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးတို့အား သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် ဝန်ကြီးချုပ်အား ဒေသခံပြည်သူများက တင်ပြခွင့်မရခဲ့သော အကြောင်းအရာများကို တင်ပြစာလက်ခံဌာနဖွင့်လှစ်ပြီး လက်ခံခဲ့ရာ တင်ပြစာ (၇)စောင်လက်ခံရရှိခဲ့ပြီး အဆိုပါတင်ပြစာများကို သက်ဆိုင်ရာ ဌာနဆိုင်ရာများဖြင့် ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အကြောင်းကြားစာများ ပြန်လည်ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
တွေ့ဆုံပွဲသို့ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူအင်အား (၄၀ဝ)ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)