နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် လားရှိုးမြို့သို့ သွားရောက်၍ ယာယီနေရပ်စွန့်ခွာသူ တိုင်းရင်းသားပြည်သူများကို ကိုယ်တိုင်ကိုယ်ကျတွေ့ဆုံခြင်း၊ အားပေး စကားပြောကြားခြင်းနှင့် ငွေကျပ်သိန်းငါးထောင်၊ အဝတ်အထည်များနှင့် စားသောက်ဖွယ်ရာများအား ထောက်ပံ့လှူဒါန်းခဲ့မှု၊ လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံသို့သွားရောက်၍ စစ်သည်များ၊ မိသားစုဝင်များ၏ ကျန်းမာရေးအခြေအနေများကို သွားရောက်ကြည့်ရှု၍ ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခြင်းနှင့် ငွေကျပ်သိန်းငါးထောင် ထောက်ပံ့ပေးအပ်ခဲ့ပြီး စစ်သည်၊ ရဲမေများ၏ တင်ပြချက်များအပေါ် အားပေးဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့မှု ပြည်ထောင်စုအဆင့်ဝန်ကြီးများမှ သက်ဆိုင်ရာဆေးရုံများ၊ ယာယီနေရပ်စွန့်ခွာစခန်း နေရာများနှင့်ကျောင်းများသို့သွားရောက်၍ အားပေးစကားပြောကြားပြီး သက်ဆိုင်ရာ ကဏ္ဍအသီးသီးအလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးမှုများ၊ ၁၀-၁၂-၂၀၂၃ ရက်နေ့ ရှမ်း ပြည်နယ်(မြောက်ပိုင်း)၊ ကယားပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှု အခြေအနေများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန် ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်
ဒီနေ့မှာတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ လားရှိုးမြို့ကို သွားရောက်ခဲ့ပါတယ်။ အဲဒီမှာ ယာယီတိုက်ပွဲရှောင် ပြည်သူများနဲ့ တွေ့ဆုံခဲ့ပါတယ်။ အောက်တိုဘာလ ၂၇ ရက်နေ့ကနေစပြီး MNDAA ၊ TNLA ၊ AA နဲ့ PDF အကြမ်းဖက်သောင်းကျန်းသူများက ရှမ်းပြည်နယ် (မြောက်ပိုင်း) မှာရှိတဲ့ မြို့ရွာတွေကို တိုက်ခိုက်ခဲ့တာတွေ၊ လမ်းပမ်းဆက်သွယ်ရေးပြတ်တောက်အောင် လမ်း၊ တံတားတွေကို မိုင်းထောင်ဖောက်ခွဲ ဖျက်စီးခဲ့တာတွေ၊ မူဆယ် (၁၀၅) မိုင်မှာ ကားဝင်းကို တိုက်ခိုက်ခဲ့ပြီး ကျွန်တော်တို့ပြည်သူလူထုပိုင်ဆိုင်တဲ့ ယာဉ်များ မီးလောင်ပျက်စီးခဲ့ရတာတွေရှိပါတယ်။ လားရှိုးမြို့အနီးတစ်ဝိုက်နဲ့ သိန္နီမြို့က အိမ်ထောင်စု (၁၄၂၈) စု၊ လူဦးရေ(၅၀၀၀) ခန့် ယာယီ တိုက်ပွဲရှောင် ပြုလုပ်နေရပါတယ်။ အဲဒီမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေ၊ ခရစ်ယာန် ဘာသာရေးကျောင်းတွေ၊ ရုံးတွေ၊ အဆောက်အဦတွေမှာ ယာယီတိုက်ပွဲရှောင်အဖြစ် နေထိုင်နေရတာ ဖြစ်ပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌအနေနဲ့ ငွေကျပ်သိန်း ငါးထောင်လှူဒါန်းခဲ့ပါတယ်။ အဝတ်အထည်တွေ၊ ဆန်တွေ၊ စားသောက်ဖွယ်ရာတွေ၊ လှူဖွယ်ရာတွေ ကျွန်တော်တို့ လှူဒါန်းခဲ့ပါတယ်။ ဒီတိုက်ပွဲရှောင် တိုင်းရင်းသားပြည်သူများကို ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံပြီး အားပေးစကားများ ပြောကြားခဲ့ပါတယ်။ မိမိဒေသကို ပြန်လည်ရောက်ရှိချိန်မှာလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ ပြည်သူလူထု ပူးပေါင်းပြီး ဆောင်ရွက်ကြဖို့လည်း ပြောကြားခဲ့ပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ် ခရီးစဉ်နဲ့အတူပါသွားတဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးများအနေနဲ့လည်း သက်ဆိုင်ရာဆေးရုံတွေ၊ ယာယီတိုက်ပွဲရှောင်စခန်း နေရာတွေ၊ ကျောင်းတွေကိုသွားရောက်ပြီး အားပေးစကားပြောကြားတာတွေ၊ သက်ဆိုင်ရာဖြည့်စည်း ဆောင်ရွက်ပေးတာတွေကို ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ဒီနေရာမှာ ပြောကြားချင်တာကတော့ တိုက်ပွဲတွေကြောင့် ပြည်သူလူထုဘယ်လောက်အထိ အတိဒုက္ခ ရောက်ရတယ်ဆိုတာကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ၊ တည်ငြိမ်မှုဘဝ ပျက်ယွင်းရတာတွေကို မျက်ဝါးထင်ထင်တွေ့မြင်နိုင်ပါတယ်။ ဒီနေရာမှာ တိုက်ပွဲရှောင်ပြည်သူလူထုကို ကူညီစောင့်ရှောက်ပေးနေတဲ့ လူမှုရေးအသင်းအဖွဲ့တွေ၊ ဘာသာရေးအသင်းအဖွဲ့တွေ၊ လူမှုရေး ခေါင်းဆောင်တွေ၊ ဘာသာရေး ခေါင်းဆောင်တွေ၊ ပရဟိတအဖွဲ့များကိုလည်း နိုင်ငံတော်၊ တပ်မတော်နဲ့ ပြည်သူလူထု တစ်ရပ်လုံးက အထူးကျေးဇူးတင်ရှိပါကြောင်း လေးလေးနက်နက်ပြောကြားလိုပါတယ်။ ဒီလိုသွားရောက်တဲ့ခရီးစဉ်မှာ နိုင်ငံတစ်ခုလုံးကိုခေါင်းဆောင်နေရတဲ့ ခေါင်းဆောင်ရဲ့စိတ်ဓာတ်၊ တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးကို လူမျိုး၊ ဘာသာမခွဲခြားဘဲ စောင့်ရှောက်ပေးနေရတဲ့ နိုင်ငံတော်ခေါင်းဆောင်ရဲ့ ဖခင်သဖွယ်စိတ်ဓာတ်တွေကို အတိုင်းသားတွေ့မြင် နိုင်ပါတယ်။ တွေ့ဆုံခဲ့ရတဲ့ တိုက်ပွဲရှောင် ပြည်သူလူထုအနေနဲ့လည်း ဝမ်းမြောက်ဝမ်းသာဖြစ်ရတာတွေ၊ အားတက်သရော ဖြစ်ရတာတွေ၊ အားတက်သရောဆွေးနွေးတာတွေ၊ ကြိုဆိုတာတွေ၊ နှုတ်ဆက်တာတွေ တွေ့ရပါတယ်။ နိုင်ငံတစ်ဝန်းမှာ သဘာဝဘေးအန္တရာယ်ဘဲဖြစ်သည်ဖြစ်စေ၊ အခုလို လူတွေဖန်တီးတဲ့အတွက် ပြည်သူလူထုဒုက္ခရောက်ရတဲ့ လက်နက်စွဲကိုင်ပြီး အာဏာလိုချင်နေတဲ့၊ ကိုယ်ကျိုးစီးပွား တည်ဆောက်နေတဲ့ အဖွဲ့အစည်းတွေရဲ့ ကိုယ်ကျိုးရှာမှုတွေကြောင့်၊ လက်နက်ကိုင်ပဋိပက္ခများ ဖန်တီးမှုကြောင့် ပြည်သူလူထုဒုက္ခရောက်တိုင်းမှာ စောင့်ရှောက်ရတာက နိုင်ငံတော်အစိုးရ၊ တပ်မတော်ဘဲ ဖြစ်ပါတယ်။ ဒါတွေကို ပြည်သူလူထုတစ်ရပ်လုံးကလည်းသိနေပြီး လက်နက်ကိုင်ပဋိပက္ခများ အမြန်ဆုံးချုပ်ငြိမ်းရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် ဝိုင်းဝန်းကူညီပံ့ပိုးကြဖို့ မေတ္တာရပ်ခံ လိုပါတယ်။
ဒီနေ့မှာတော့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအနေနဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာတော့ နမ့်ခမ်းမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုရှိပါတယ်။ တာမိုးညဲဘက်မှာရှိပါတယ်။ လောက်ကိုင်မှာတော့ မြို့ရဲ့ တောင်ဘက်နေရာမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုရှိပါတယ်။ လွိုင်ကော်မှာတော့ KNPP ၊ PDF အကြမ်းဖက် သောင်းကျန်းသူတွေအနေနဲ့ လွိုင်ကော်ဈေးကို အတင်းရောက်ပြီး ပစ္စည်းတွေလုယက်တာတွေ၊ လူမနေတဲ့ဆိုင်ခန်းတွေမှာ ဝင်ရောက်နေရာယူတာတွေ၊ မီးရှို့ဖျက်စီးခဲ့တာတွေ လုပ်ခဲ့ပါတယ်။ လွိုင်ကော်ပြည်နယ် ရဲရုံးဘက်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ဘက်မှာတော့ နုန်းဘူးမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတာရှိပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အနေနဲ့ လားရှိုးမှာရှိတဲ့ စစ်ဆေးရုံကိုသွားရောက်ပြီးတော့ စစ်သည်များ၊ မိသားစုဝင်များရဲ့ ကျန်းမာရေးအခြေအနေကို သွားရောက်ကြည့်ရှု့အားပေးခဲ့ပါတယ်။ စစ်သည်များ၊ မိသားစု ဝင်များနဲ့တွေ့ဆုံပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်တာတွေ၊ အားပေးစကားပြောကြားတာတွေ ဆောင်ရွက်ခဲ့ပါတယ်။ ငွေကျပ်သိန်းငါးထောင် ထောက်ပံ့ပေးအပ်ခဲ့ပြီး စစ်သည်၊ ရဲမေတွေရဲ့ တင်ပြချက်တွေ၊ အခက်အခဲတွေအပေါ် အားပေးမှုတွေဆောင်ရွက်ခဲ့ပါတယ်။ စစ်သည်၊ ရဲမေတွေက နိုင်ငံတော်နဲ့တပ်မတော်က အားကိုးအားထားပြုရတဲ့ စစ်သည်၊ ရဲမေများဘဲ ဖြစ်ပါတယ်။ သူတို့ရဲ့ နိုင်ငံတော်အကြီးအကဲ တပ်မတော်အကြီးအကဲအပေါ်မှာထားရှိတဲ့ အားကိုးအားထားပြုမှုကိုလည်း အတိုင်းသားတွေ့မြင်ခဲ့ရပါတယ်။ ဒါ့အပြင် နိုင်ငံတော်နဲ့ တပ်မတော်အကြီးအကဲ၊ နိုင်ငံ့ခေါင်းဆောင်များနဲ့ တပ်မတော်ခေါင်းဆောင်များအနေနဲ့လည်း တပ်မှူးကောင်းစိတ်ဓာတ် Commender Spirit နဲ့ ဖခင်သဖွယ်စိတ်ဓာတ် Fatherly Spirit တို့ကိုပြသနိုင်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားရာဒေသနဲ့ အနီးစပ်ဆုံး ဒေသတွေအထိ သွားရောက်ပြီး အားပေးတာတွေ၊ စောင့်ရှောက်တာတွေ ဆောင်ရွက်ခဲ့ပါတယ်။ ရဲဘော် စိတ်ဆိုတာ ရဲဘော်အချင်းချင်းအပေါ်မှာထားရှိတဲ့ မေတ္တာတရား၊ သံယောဇဉ်တရားနဲ့ သစ္စာစောင့်သိမှုတရားတွေဘဲဖြစ်ပါတယ်။ ဒီရဲဘော်စိတ်နဲ့ဘဲ တပ်မတော်က မြန်မာနိုင်ငံ လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ ပြည်တွင်းသောင်းကျန်းမှုကနေလွတ် မြောက်အောင်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့မှာ ဒီရဲဘော်စိတ်နဲ့ဘဲ နိုင်ငံ့ခေါင်းဆောင် တပ်မတော်ခေါင်းဆောင်များက ရှေ့တန်းစစ်မျက်နှာနဲ့ အနီးဆုံးနေရာအထိသွားရောက်ပြီး အားပေးဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ တွေ့ခဲ့ရတဲ့ စစ်သည်၊ ရဲမေများအနေနဲ့လည်း ဒီ ရဲဘော်စိတ်နဲ့ဘဲ နိုင်ငံ့ခေါင်းဆောင် တပ်မတော်ခေါင်းဆောင်တွေအပေါ်မှာ အားကိုးအားထားပြုခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့တပ်မတော်အနေနဲ့ ဒီရဲဘော်စိတ်နဲ့ဘဲ နိုင်ငံတော်၊ ပြည်သူနဲ့တပ်မတော်ကို ခိုင်ခိုင်မာမာ ကာကွယ်သွားမယ်ဆိုတာ ပြောကြားလို ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။