မုံရွာ ၅ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ ရပ်ကွက်များတွင် လက်ရှိအသုံးပြုလျက်ရှိသော 11kv ကာဗာမဲ့လျှပ်စစ်ဓာတ်အားလိုင်းကြိုးများ နေရာတွင် (AWOC)ကာဗာကြိုးများ ပြောင်းလဲတပ်ဆင်ခြင်း လုပ်ငန်းကို ဇူလိုင်လ လဆန်းပိုင်းမှ စတင်လုပ်ဆောင်လျက်ရှိကြောင်း မုံရွာမြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်အင်ဂျင်နီယာမှူး ဦးဇော်ဝင်းနိုင်၏ ပြောကြားချက်အရ သိရသည်။
“၂၀၁၈-၁၉ တိုင်းဒေသကြီးဘတ်ဂျက်နဲ့ လိုင်းသုံးလိုင်းက 11kv ကာဗာမဲ့ကြိုးတွေ နေရာမှာ (AWOC) ကာဗာကြိုးတွေနဲ့ လဲလှယ်တပ်ဆင်တာပါ၊ တိုင်တွေ ကြွေသီးတွေ မကောင်းတဲ့ နေရာတွေကိုလည်း အစားထိုး လဲလှယ်ပေးမယ်၊ ကျန်တဲ့နေရာတွေကိုလည်း ဆက်တိုက်လဲလှယ်နေတယ်၊ လိုင်းကြိုးများနဲ့ မလွတ်တဲ့ သစ်ပင်သစ်ကိုင်းတွေကိုလည်း ရှင်းလင်းသွားမယ်၊ အခုဘတ်ဂျက် ကာလအတွင်းမှာတော့ လိုင်းကြိုးတွေကို အပြီးလဲလှယ်ပေးသွားမှာ ဖြစ်တယ်” ဟု မုံရွာမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းမှမြို့နယ်အင်ဂျင်နီယာမှူး ဦးဇော်ဝင်းနိုင်က ပြောသည်။
33/11 kv (20) MVA မြို့ရုံးခွဲရုံမှ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးလျှက်ရှိသော 11 kv လိုင်းကြိုးများ နေရာတွင် (AWOC) ကာဗာကြိုးများ ပြောင်းလဲတပ်ဆင်ခြင်း လုပ်ငန်းများပြီးစီးက လျှပ်စစ်အန္တရာယ် ကင်းဝေးခြင်း၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းခြင်း၊ လျှပ်စစ်လိုင်းပြတ်တောက်မှု နည်းပါးပြီး လျှပ်စစ်ဓာတ်အားတည်ငြိမ်စွာ အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


