ရန်ကုန် ၂၇ ဇွန်
(၁၂)ကြိမ်မြောက် သိပံ္ပနှင့် အင်ဂျင်နီယာ ပညာရပ်ဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲ (12 th National Conference on Science and Engineering-NCSE ) ကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ရန်ကုန် နည်းပညာတက္ကသိုလ်၊ ပင်မဆောင်ရှိ စုဝေးခန်းမ၌ ကျင်းပသည်။
ရန်ကုန်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မြင့်သိန်းက “ရန်ကုန် နည်းပညာတက္ကသိုလ်မှာ မဟာအင်ဂျင်နီယာနဲ့ ဗိသုကာသင်တန်းတွေကို တက်ရောက်နေကြတဲ့ ကျောင်းသား၊ကျောင်းသူတွေဆောင်ရွက်ထားတဲ့ သုတေသနတွေ့ရှိချက်တွေကို တင်ပြကြမယ့်အခမ်းအနားပါ။ လာရောက်လေ့လာကြတဲ့သူတွေအနေနဲ့ ဗဟုသုတတွေရကြမယ်။ သူတို့သိချင်တဲ့ အကြောင်းအရာတွေကိုလည်း ပြန်ပြီးမေးမြန်းနိုင်မှာဖြစ်ပါတယ်” ဟုပြောသည်။
ဆက်လက်၍ ၎င်းက “ဒါ့အပြင် ရန်ကုန်နည်းပညာတက္ကသိုလ်ကိုလာရောက်ပြီး ပညာသင်ကြားလိုတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက်လည်း လေ့လာနိုင်အောင် ပြခန်းတွေ ဖွင့်လှစ်ပြသထားပါတယ်။ သူတို့သိချင်တာတွေကို မေးမြန်းနိုင်အောင်လည်း ပြခန်းတိုင်းမှာ ပြန်လည်ဖြေကြားပေးမယ့် သူတွေလည်း စီစဉ်ပေးထားပါတယ်”ဟု ပြောသည်။
အဆိုပါ စာတမ်းဖတ်ပွဲကို ဇွန် ၂၇ ရက်မှ ၂၈ ရက်အထိ နှစ်ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး အင်ဂျင်နီယာ၊ ဗိသုကာနှင့် အခြားပညာရပ်နယ်ပယ်မှ တင်သွင်းသည့် စာတမ်းပေါင်း (၁၅၉)စောင်ကို ဖတ်ကြားတင်သွင်းကြသည်။
ထို့အပြင် ရန်ကုန်နည်းပညာတက္ကသိုလ်တွင် သင်ကြားပို့ချနေသည့် ဌာန ၁၂ ခု တို့မှ သက်ဆိုင်ရာ ဌာနအလိုက် နည်းပညာရပ်ဆိုင်ရာ ပြခန်းများဖွင့်လှစ်ပြသထားပြီး ယင်းပြခန်းများတွင် အဆိုပါကျောင်းမှ သင်ကြားပို့ချပေးနေသော ဘာသာရပ်များ၊ ကျောင်းသား၊ ကျောင်းသူများဆောင်ရွက်ထားရှိသည့် နည်းပညာရပ်ပိုင်းဆိုင်ရာ တီထွင်ထားရှိမှုများကိုလည်း လက်တွေ့သရုပ်ပြမှုတို့ဖြင့် ပြသလျက်သည်။
အဆိုပါ တက္ကသိုလ်မှ ကျောင်းသူ မချစ်စန္ဒီစိမ့်က “ကျွန်မဖတ်မယ့် စာတမ်းကတော့ ရဲစခန်းတွေမှာ အသုံးဝင်နိုင်မယ့် နည်းပညာပိုင်းဆိုင်ရာ တွေ့ရှိချက် စာတမ်းပါ။ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ တရားခံကိုရှာဖွေဖမ်းဆီးတဲ့အခါမှာ အသုံးဝင်နိုင်မယ့် အရာပါ။ CCTV၊ ရုပ်သံမှတ်တမ်းမျိုးမရရှိလိုက်တဲ့ တရားခံမျိုးကို ဘေးပတ်ဝန်းကျင်က မျက်မြင်တွေ့ရှိသူ တစ်ဦးရဲ့ပြောပြချက်နဲ့ နည်းပညာပိုင်းအရ ပုံတူရေးဆွဲတဲ့ စာတမ်းပါ။ ပြည်ပနိုင်ငံ အတော်များများမှာ အသုံးပြုနေပါပြီ။ ကျွန်မတို့နိုင်ငံမှာတော့ အသုံးပြုတာ နည်းနေသေးတဲ့အတွက် ဒီစာတမ်းလေးကို ပြုစုဖြစ်တာပါ”ဟု ပြောသည်။
အခမ်းအနား ဒုတိယနေ့တွင် တင်သွင်းဖတ်ကြားခဲ့သည့် စာတမ်းများအနက် အကောင်းဆုံး သုတေသနစာတမ်းများနှင့် အကောင်းဆုံး တင်ဆက်ပြသပုံများကို စိစစ်ရွေးချယ်ကာ ဆုများကိုပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။
ရန်ကုန်နည်းပညာတက္ကသိုလ်သည် အရည်အသွေးပြည့်မီသည့် အင်ဂျင်နီယာနှင့် ဗိသုကာပညာရှင်များ မွေးထုတ်နိုင်ရေးကို အစဉ်တစိုက် ကြိုးပမ်းလျက်ရှိရာ ရန်ကုန်နည်းပညာ တက္ကသိုလ်နှင့် အခြားဆက်စပ်တက္ကသိ်ုလ်များမှ ဘွဲ့လွန်အင်ဂျင် နီယာနှင့် ဗိသုကာ သင်တန်းသားများ၏ ဘွဲ့ယူကျမ်းပြု သုတေသနများကို အခြေခံရေးသားထားသည့် သုတေသနစာတမ်းများ၊ သက်ဆိုင်ရာပညာရပ် နယ်ပယ်အတွင်းရှိ ဘွဲ့လွန်သင်တန်းသားများ၊ သုတေသီများ၊ ပညာရှင်များအကြား မျှဝေသိရှိနိုင်စေရန်နှင့် ဆွေးနွေးနှီးနှော ဖလှယ်နိုင်ရန် ရည်ရွယ်၍ အဆိုပါ စာတမ်းဖတ်ပွဲကိုနှစ်စဉ် ကျင်းပနေခြင်းဖြစ်သည်။
ထိုကဲ့သို့ကျင်းပနိုင်ခြင်းဖြင့် ရန်ကုန်နည်းပညာတက္ကသိုလ်မှ ဘွဲ့လွန်သင်တန်း သားအချင်းချင်း သုတေသန အတွေ့အကြုံများ ဆွေးနွေးနှီးနှောဖလှယ်နိုင်သည့် အခွင့်အရေးရရှိစေရန်၊ ပြင်ပလုပ်ငန်းများ၏ သုတေသနနှင့် လုပ်ငန်းအတွေ့အကြုံများ ဆွေးနွေးနှီးနှောဖလှယ်နိုင်သည့် အခွင့်အရေးရရှိစေရန် ရည်ရွယ်ကြောင်း သိရသည်။
ရန်ကုန် နည်းပညာတက္ကသိုလ်တွင် ဘွဲ့ကြိုအတွက် ဘာသာရပ် ၁၂ ခုရှိပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ဘာသာရပ်နှစ်ခု တိုးချဲ့ဖွင့်လှစ်သင်ကြားရန် စီစဉ်ထားကြောင်း၊ ယင်းဘာသာရပ်နှစ်ခုမှာ အဝေးဆက်သွယ်ရေး အင်ဂျင်နီယာ ဘာသာရပ်နှင့် အစာအာဟာရဆိုင်ရာ အင်ဂျင်နီယာ ဘာသာရပ်တို့ဖြစ်ကြောင်း၊ ယခု ပညာသင်နှစ်တွင် ဘွဲ့ကြို ကျောင်းသား၊ ကျောင်းသူ ၁၆၀ဝ ခန့်နှင့် ဘွဲ့လွန် ကျောင်းသား၊ ကျောင်းသူ ၅၀ဝ ခန့်ရှိကြောင်း အဆိုပါ တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာမြင့်သိန်းထံမှ သိရသည်။
ယနေ့ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အဆင့်မြင့် နည်းပညာတက္ကသိုလ် ဦးစီးကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ နည်းပညာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ရန်ကုန်နည်းပညာတက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-လှမိုး


