နေပြည်တော် ဇန်နဝါရီ ၁၂
(၁၃၁)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲမင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး လိုဏ်ဂူတော်အတွင်း၌ ကျင်းပသည်။
အခမ်းအနားသို့ ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်၊ နေပြည်တော်ပျဉ်းမနားမြို့၊ အုန်းတောပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ ဂန္ထဝါစက ပဏ္ဍိတ၊ မဟာဂန္ထဝါစကပဏ္ဍိတ ဆရာတော် ဘဒ္ဒန္တတိဿ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ နေပြည်တော်သာသနာရေးမှူး၊ ဂေါပကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ စတင်ဖွင့်လှစ်ပြီး အုန်းတောပရိယတ္တိစာသင်တိုက် စာချဆရာတော် ဘဒ္ဒန္တဗုဒ္ဓပီယ၊ ဂန္ထဝါစက ပဏ္ဍိတ က ဒေဝနိမန္တနဂါထာကို ဖတ်ကြား၍ နတ်ဗြဟ္မာများကို ပင့်ဖိတ်သည်။
ထို့နောက် နေပြည်တော်ပျဉ်းမနားမြို့၊ အုန်းတောပရိယတ္တိစာသင်တိုက် ပဓာန နာယက၊ ဂန္ထဝါစက ပဏ္ဍိတ၊ မဟာဂန္ထဝါစကပဏ္ဍိတ ဆရာတော် ဘဒ္ဒန္တတိဿထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။
ယင်းနောက် အုန်းတောပရိယတ္တိစာသင်တိုက် စာချဆရာတော် ဘဒ္ဒန္တဗုဒ္ဓပီယ၊ ဂန္ထဝါစက ပဏ္ဍိတ က ပဋ္ဌာန်းရောင်ခြည်တော်ဖွင့် ဂါထာကို ရွတ်ဖတ်ပူဇော်သည်။
ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦးနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား ပဋ္ဌာန်းကျမ်းစာအုပ်နှင့် ပဋ္ဌာန်းပရိတ်အိုးများကို ဆက်ကပ်ကြသည်။
ထို့နောက် ဆရာတော်၊ သံဃာတော်များ ဦးဆောင်၍ ဧည့်ပရိတ်သတ်များက ပဋ္ဌာန်းပစ္စယုဒ္ဒေသ ပါဋ္ဌိတော်ကို ရွတ်ဖတ်ပူဇော်ကြပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကာ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
အဆိုပါ အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၂ ရက်မှ ၁၆ ရက်အထိ (၅) ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


