နေပြည်တော် ၂၄ ဩဂုတ်


ထိုင်းနိုင်ငံ၊ ပတ္တရားမြို့တွင် ကျင်းပပြုလုပ်သော (၁၄)ကြိမ်မြောက် ကမ္ဘာ့နဂါးလှေချန်ပီယံရှစ်ပြိုင်ပွဲ စတုတ္ထမြောက်နေ့ပွဲစဉ်များအဖြစ် မီတာ ၂၀ဝ ပွဲစဉ်များကို ဆက်လက်ကျင်းပပြုလုပ်ရာ ပွဲ(၄)မျိုး၌ ပါဝင် ယှဉ်ပြိုင်ခဲ့သော မြန်မာအသင်းသည် ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ်(၁)ခုနှင့် ကြေးတံဆိပ်(၂)ခု ထပ်မံဆွတ်ခူးရရှိခဲ့သည်။
    

မြန်မာအသင်းသည် ရွှေတံဆိပ်ဆုကို အသက်(၂၄)နှစ်အောက် အမျိုးသမီးအသင်းက ဆွတ်ခူးပေးခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ(၂၄) အမျိုးသမီးအသင်းသည် ဒေသစံတော်ချိန်ညနေ(၃)နာရီ (၃၄)မိနစ်က ပြုလုပ်သော အသက်(၂၄)နှစ်အောက် မီတာ ၂၀ဝ ပွဲစဉ်၌ စံချိန် (ဝ၀ မိနစ် ၅၄ ဒသမ ၄၁၇ စက္ကန့်)ဖြင့် ပထမနေရာပန်းဝင်ကာ ပထမဆုကိုရရှိခဲ့ခြင်း ဖြစ်သည်။ ယခုပွဲစဉ်သည် နှစ်ကြိမ်ယှဉ်ပြိုင်ရသော ပွဲစဉ်ဖြစ်ရာ ပထမအကြိမ်ပွဲစဉ်၌လည်း စံချိန် (၅၅ ဒသမ ၁၂၅ စက္ကန့်)ဖြင့် မြန်မာယူ(၂၄) အမျိုးသမီးအသင်း ပန်းဝင်ခဲ့သည်။ ယခုပွဲစဉ်၌ မြန်မာအသင်းက ပထမ၊ အိမ်ရှင်ထိုင်းအသင်းက ဒုတိယ၊ အမေရိကန်အသင်းက တတိယရရှိခဲ့သည်။
    

ယခုရွှေတံဆိပ်သည် မြန်မာယူ(၂၄)အမျိုးသမီးအသင်းအတွက် ဒုတိယမြောက်ရွှေတံဆိပ်ဖြစ်ပြီး မြန်မာအသင်းအတွက် တတိယမြောက် ရွှေတံဆိပ်လည်းဖြစ်သည်။ မြန်မာယူ(၂၄) အမျိုးသမီးအသင်းသည် ဩဂုတ်(၂၁)ရက်တွင် ယှဉ်ပြိုင်ခဲ့သော ပြိုင်ပွဲပထမနေ့၌ ပထမဆုံးရွှေတံဆိပ် ရရှိခဲ့ခြင်းဖြစ်သည်။
    

ဒေသစံတော်ချိန် ညနေ(၃)နာရီ (၂၆)မိနစ်တွင် ကျင်းပပြုလုပ်သော အသက်(၂၄) နှစ်အောက် အိုးပင်း(အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်တွင် မြန်မာအသင်းက စံချိန် (၁ မိနစ် ၄၀ ဒသမ ဝ၉၃ စက္ကန့်) ဖြင့် ဒုတိယငွေတံဆိပ်ဆု၊ အိမ်ရှင်ထိုင်းအသင်းက ပထမ၊ တရုတ်(ဟောင်ကောင်) အသင်းက တတိယရရှိခဲ့သည်။
    

နံနက်ပိုင်းပွဲစဉ်များအား ဒေသစံတော်ချိန် နံနက်(၉)နာရီတွင် ကျင်းပပြုလုပ်ရာ Premier အမျိုးသား/ အမျိုးသမီးအရော မီတာ ၂၀ဝ ပွဲစဉ်၌ စံချိန် (၅၁ ဒသမ ၃၅ စက္ကန့်)ဖြင့် မြန်မာအသင်းက တတိယကြေးတံဆိပ်ဆု၊ အိမ်ရှင် ထိုင်းအသင်းက ပထမ၊ ကနေဒါအသင်းက ဒုတိယရရှိခဲ့သည်။
    

နံနက်ပိုင်းပွဲစဉ်များအား ဒေသစံတော်ချိန် နံနက်(၉)နာရီ (၃၈)မိနစ်တွင် ကျင်းပပြုလုပ်ရာ အသက်(၂၄)နှစ်အောက် အမျိုးသား/အမျိုးသမီးအရော မီတာ ၂၀ဝ ပွဲစဉ်၌လည်း မြန်မာအသင်း တတိယကြေးတံဆိပ်ဆု ရရှိခဲ့သည်။ ယင်းပွဲစဉ်သည် နှစ်ကြိမ်ယှဉ်ပြိုင်ရသော ပွဲစဉ်ဖြစ်ပြီး မြန်မာအသင်းသည် ပထမအကြိမ်၌ စံချိန် (၅၁ ဒသမ ၆၃၇ စက္ကန့်)၊ ဒုတိယအကြိမ်၌ စံချိန် (၅၃ ဒသမ ၃၁၈ စက္ကန့်)ဖြင့် တတိယကြေးတံဆိပ်ဆု၊ ကနေဒါအသင်းက ပထမ၊ အိမ်ရှင် ထိုင်းအသင်းက ဒုတိယရရှိခဲ့သည်။
    

မြန်မာအသင်းသည် ပြိုင်ပွဲပထမနေ့ ဩဂုတ်(၂၁)ရက်မှ ပြိုင်ပွဲစတုတ္ထနေ့ ဩဂုတ်(၂၄)ရက်နေ့အထိ ပြိုင်ပွဲ(၁၂)မျိုး၌ ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်(၃)ခု၊ ငွေတံဆိပ်(၃)ခုနှင့် ကြေးတံဆိပ်(၅)ခု စုစုပေါင်း ဆုတံဆိပ် (၁၁)ခု ဆွတ်ခူးရရှိထားသည်။
    

ပြိုင်ပွဲနောက်ဆုံးရက်ဖြစ်သည့် ဩဂုတ်(၂၅)ရက်နေ့တွင် ဆက်လက်ကျင်းပမည့် မီတာ ၅၀ဝ ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ 


သတင်းစဉ်

 

1