ရန်ကုန် ၁ ဇွန်

(၁၄)ကြိမ်မြောက် သုတစွယ်စုံစာပေဆု ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ရှိ ဆူးလေရှန်ဂရီလာဟိုတယ်၌ ကျင်းပသည်။

 

mdn

 

အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာစကားပြောကြားရာ၌ ယနေ့တွင် သုတစွယ်စုံစာပေဆုကို  ၂၀၁၇ ခုနှစ်အတွက် ချီးမြှင့်သည်ဟု သိရပြီး ဆုချီးမြင့်ပွဲ ပြုလုပ်သည်မှာ (၁၄)ကြိမ်မြောက် ရှိသွားပြီဟု သိရပါကြောင်း၊ ယခုနှစ်ထဲတွင်  စာပေဆု ချီးမြှင့်သည့် အခမ်းအနား  သုံးလေးခုလောက် တက်ရပါကြောင်း၊ တက်ရောက်ရသည့် အတွက်လည်း ဝမ်းသာပီတိ ဖြစ်ရပါကြောင်း၊ ဆုရသူများအတွက် ဝမ်းမြောက်ပြီး မုဒိတာပွားပါကြောင်း၊ စာရေးသူများအနေဖြင့် မိမိရေးသည့်စာကို တခြားဖတ်ရသူ တစ်စုံတစ်ယောက်က နှစ်သက်သည်၊ သဘောကျသည်ဆိုလျှင် အင်မတန်မှ ကျေနပ်အားရပါကြောင်း။

ဖတ်ရှုသူများ၏ ကိုယ့်စာကောင်းကြောင်း အသိအမှတ်ပြုခံရလျှင် ကျေနပ်အားရမှုရှိပြီး ကောင်းကြောင်းချည်း မပြောလျှင်တောင်မှ အပြုသဘောဖြင့် ထောက်ပြပြောဆိုလျှင်လည်း နောင်ပိုကောင်းအောင်လုပ်ရန်အတွက် နည်းလမ်းအကြံဉာဏ်ရသည်ဆိုလျှင် အကျိုးရှိသည့်အတွက် မိမိတို့အနေဖြင့်  နှစ်သက်ပါကြောင်း၊ ကိုယ့်စာကို ဂရုစိုက်ပြီး ဖတ်ပေးဖော်ရလျှင် ကျေးဇူးတင်သည့် သဘောဖြစ်ပါကြောင်း၊ ဆုချီးမြှင့်သည်ဆိုသည်မှာ ကိုယ့်စာကို ဖတ်လည်းပေးတယ်၊ ကြိုက်တယ်လို့ပြောတယ်၊ ကြိုက်တဲ့နေရာမှာလည်း တော်တော်ကျေနပ် အားရတဲ့အတွက်ကြောင့် ရွေးချယ်ပြီး ဆုချီးမြှင့်တယ်ဆိုတော့ စာရေးသူများအနေဖြင့် အင်မတန် အားရကျေနပ်စရာ ကောင်းပါကြောင်း။

 

mdn

 

သုတစွယ်စုံစာပေဆုများကို ဒေါက်တာ တင်ထွန်းဦးနှင့် ဇနီး ဒေါ်ခင်မိုးမိုး သုတ စွယ်စုံ စာပေမိသားစုက ချီးမြှင့်ခြင်းဖြစ်ပြီး ယင်းမှာ အလွန်ကျေးဇူးတင်စရာ ကောင်းပါကြောင်း၊ ဆရာ ဒေါက်တာ တင်ထွန်းဦးသည် စာရေးချိန်ကလည်း အင်မတန် ထင်ရှားအောင်မြင်သူဖြစ်ပြီး နောက်ပိုင်း စာအုပ်ထုတ်ဝေရေးလုပ်ငန်းများ လုပ်သည့်အခါတွင်လည်း ထင်ရှားအောင်မြင်ပါကြောင်း၊ ဆရာတို့၏ သုတ စွယ်စုံမဂ္ဂဇင်းထွက်ရှိသည်မှာ ၃၇ နှစ် ရှိပြီဖြစ်ပြီး နှစ်ပေါင်း လေးဆယ်နီးပါး   အောင်မြင်သည့် မဂ္ဂဇင်းတစ်ခု ဖြစ်ပါကြောင်း၊ ဒါသည်လည်း မိမိတို့စာပေ၊ စာနယ်ဇင်းသမိုင်းတွင် ကြီးမားသည့် မှတ်တိုင်တစ်ခုဟု ပြော၍ရပါကြောင်း။

ထိုကဲ့သို့ အောင်အောင်မြင်မြင်ဖြင့် စာပေလုပ်ငန်းကို လုပ်ကိုင်လာပြီးနောက် လွန်ခဲ့သည့် ၁၄ နှစ်မှစပြီး ကိုယ်တတ်နိုင်သည့်နေရာမှနေ၍  အထောက်အကူပြုသည့် ဒီစာပေဆု ချီးမြှင့်သည့်အလုပ်ကို လုပ်ခြင်းသည်  အင်မတန်မှ လေးစားစရာ၊ ချီးကျူးစရာ ကောင်းသည်ဟု  မိမိပြောချင်တာဖြစ်ပါကြောင်း။

ကမ္ဘာတွင် ဒီကနေ့ ဖြစ်နေသည့် သိပ္ပံနှင့် နည်းပညာပိုင်းဆိုင်ရာ ပြောင်းလဲမှုများသည် အလွန်မြန်ဆန်ပြီး မိမိတို့ လူ့အဖွဲ့အစည်းအပေါ် သက်ရောက်မှုသည်လည်း အင်မတန် ကြီးမားပါကြောင်း၊ ဒီကာလမျိုးတွင် သိပ္ပံနှင့် နည်းပညာ၊ သုတသည် မိမိတို့ဆီမှာ ရှိရန် အလွန်အရေးကြီးသည်ဟု မြင်ပါကြောင်း၊ ဘာကြောင့်လဲဆိုလျှင် ယနေ့ကမ္ဘာတွင် စတုတ္ထ စက်မှုတော်လှန်ရေး (Digital Revolution) ဆိုပြီးပြောပါကြောင်း၊ Digital Transformation ၊ IT ခေတ်ဆိုပြီးလည်း ပြောကြပါကြောင်း၊  အဲဒီအပြောင်းအလဲကြီးကလည်း အင်မတန်မြန်ပါကြောင်း၊ မြန်သည့်အတွက် ဒါတွေကိုလိုက်ပြီး လေ့လာနေသူများတောင်မှ ဒီအပြောင်းအလဲကို မီအောင် မလိုက်နိုင်တော့ပါကြောင်း၊ ထို့ကြောင့် ဒီကနေ့ ခေတ်မှာလည်း သိပ္ပံနှင့် နည်းပညာ အသစ်များနှင့် ပတ်သက်သည့် စာအုပ်စာတမ်းမျိုး၊ စာစောင်မျိုးများကိုလည်း လုပ်ပေးစေလိုကြောင်း၊ အဲဒါတွေကိုလည်း စာဖတ်ပရိသတ်များ စိတ်ဝင်စားလာအောင် ဖြန့်ချိပေးပါဟု မိမိတိုက်တွန်း မေတ္တာရပ်ခံလိုပါကြောင်း စသည်ဖြင့် ပြောကြားသည်။

ထို့နောက် သုတစွယ်စုံ စာပေဆုအလှူရှင်နှင့် ဆုရွေးချယ်ရေးအဖွဲ့ဝင် စွယ်စုံမီဒီယာဂရု(ပ်) ဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးက ဆုချီးမြှင့်ရခြင်းအကြောင်း၊ ဆုရွေးချယ်ပုံ အဆင့်ဆင့်နှင့် ဆုရွေးချယ်ရေးအဖွဲ့၏ အကဲဖြတ်သုံးသပ်ချက်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က သုတစွယ်စုံ တစ်သက်တာ စာပေဆုရ ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ)၊ “ကဗျာလူ စာလူ အရပ်ဝတ်အင်္ကျီ နှင့်လူ” စာအုပ်ဖြင့် သုတစွယ်စုံ စာပေဆု(စာပဒေသာ) ဆုရ ဒေါက်တာအောင်ကြီးနှင့် “ခေါင်းဆောင်မှု အနုပညာ”စာအုပ်ဖြင့် သုတစွယ်စုံ စာပေဆု(လူမှုစီးပွား) ဆုရ  စိန်လင်း (ခွဲစိတ်နှင့်ကင်ဆာပါရဂူ) တို့အား ဆုများပေးအပ်ချီးမြှင့်သည်။

 

mdn

 

ဆက်လက်၍ စည်သူဦးတင်လှိုင် (လယ်တွင်းသားစောချစ်)က “သားသို့…” စာအုပ်ဖြင့် သုတစွယ်စုံစာပေဆု (လူငယ်စာပေ)ဆုရ လင်္ကာရည်ကျော်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက “မဇ္ဈိမပြတိုက်” စာအုပ်ဖြင့် သုတစွယ်စုံ စာပေဆု (ဝိဇ္ဇာ)ဆုရ နွယ်ဦးလှိုင်၊ စာပေဆုအလှူရှင် ဒေါက်တာတင်ထွန်းဦးက “လိုအပ်နေသော ရေဥပဒေ”စာအုပ်ဖြင့် သုတစွယ်စုံ စာပေဆု(သုတသိပ္ပံ)ဆုရ ဒေါက်တာ ခင်မောင်လွင်နှင့် စာပေဆုအလှူရှင်  ဒေါက်တာခင်မိုးမိုးက “အသက်ကြီးသော်လည်း မပျက်စီးသေးသူများနှင့် ကျန်းမာရေးပညာပေးဆောင်းပါးများ” စာအုပ်ဖြင့် သုတစွယ်စုံ စာပေဆု(အသုံးချသိပ္ပံ) ဆုရ မီးအိမ်ရှင် ဒေါက်တာနိုက်တင်ဂေးလ်တို့ကို ဆုများ ချီးမြှင့်ကြသည်။

ယင်းနောက် စွယ်စုံမီဒီယာကာဂရု(ပ်) ဥက္ကဋ္ဌ စာပေဆုအလှူရှင် ဒေါက်တာတင်ထွန်းဦးနှင့် ဒေါက်တာခင်မိုးမိုးတို့က စာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးစာပေ ပညာရှင်များအတွက် အလှူငွေကျပ် ၁၅ သိန်း၊ ဟင်္သာတမြို့နယ်ရှိ ဦးဖိုးကျားစာကြည့် တိုက်ပြုပြင်ရန် အလှူငွေကျပ်သိန်း ၂၀ဝ နှင့် ဟင်္သာတမြို့နယ်ရှိ သုတစွယ်စုံစာကြည့်တိုက်အတွက် အလှူငွေကျပ် ၅ သိန်း စုစုပေါင်း အလှူငွေကျပ် သိန်း ၂၂၀ ပေးအပ်လှူဒါန်းပြီး သုတစွယ်စုံစာပေဆု ရွေးချယ်ရေးအဖွဲ့ကိုယ်စား စည်သူဒေါက်တာသော်ကောင်းအား မေတ္တာလက်ဆောင်ပေးအပ်သည်။
ထို့နောက် စာပေဆုရရှိသူများကိုယ်စား စာရေးဆရာ လင်္ကာရည်ကျော်၊ ဒေါက်တာ ခင်မောင်လွင်၊ မီးအိမ်ရှင် ဒေါက်တာနိုက်တင်ဂေးလ်နှင့် ဒေါက်တာခင်အေး (မောင်ခင်မင် -ဓနုဖြူ)တို့က ကျေးဇူးတင်စကားပြန်လည် ပြောကြားကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ဆုရွေးချယ်ရေးအဖွဲ့၊ ဆုရရှိသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

သတင်းစဉ်