မိုးညှင်း    ဇန်နဝါရီ   ၁၆

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီးဒေသတွင် (၁၅၃)ကြိမ်မြောက် သမိုင်းဝင် တန်ခိုးကြီး ရွှေမဉ္ဇူရေလယ်ဘုရားပွဲတော်ကို အကျဉ်းချုံးအနေဖြင့် ဆွမ်းတော်ကြီး ကပ်လှူနိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ဇန်နဝါရီ ၁၄ ရက်က လွဲမွန်ကျေးရွာအုပ်စု၊ နန့်ပတဲကျေးရွာရှိ ရွှေမဉ္ဇူကျောင်းတိုက်၌ ကျင်းပခဲ့သည်။ 

အစည်းအဝေးတွင် ညောင်ပင်ဆရာတော်၊ လွဲမွန်ဆရာတော်၊ နန့်မွန်းဆရာတော်နှင့် ဟဲပုဆရာတော်တို့က ဩဝါဒစကား မိန့်ကြားပြီး ကိုဗစ်−၁၉ရောဂါ ညွှန်ကြားချက်များနှင့် ဘုရားပွဲတော်ကို အကျဉ်းချုံးအနေဖြင့်သာ ကျင်းပဆောင်ရွက်သွားရန် တက်ရောက်လာသူများက ဆွေးနွေးခဲ့ကြသည်။

အင်းတော်ကြီးဘုရားပွဲတော် ဆွမ်းတော်ကြီးကပ်လှူပွဲကို အစဉ်အလာမပျက် တပေါင်းလဆန်း ၈ ရက်တွင် ကိုဗစ်-၁၉ ရောဂါ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရွှေမဉ္ဇူဘုရားဂေါပကအဖွဲ့မှ သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)