ရန်ကုန် ဇူလိုင် ၇

 

မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံး(ဗဟို)ကကျင်းပသော (၁၅)ကြိမ်မြောက် ဟာသပညာရှင်ကြီးများအား ကန်တော့ပွဲနှင့် ဟာသပညာထူးချွန်ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်(၄၈)ရပ်ကွက်၌ ကျင်းပသည်။

 

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ ကန်တော့ခံသက်ကြီး ဟာသပညာရှင်များ၊ မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံး(ဗဟို)မှ နာယက၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဟာသပညာရှင်များ၊ အနုပညာနယ်ပယ်အသီးသီးမှ အနုပညာရှင်များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး၏ လှုပ်ရှားမှုမှတ်တမ်း Video Clip ကို ဖွင့်လှစ်ပြသပြီး မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး ဂုဏ်ပြုတေးသီချင်းဖြင့် အစည်းအရုံးဝင် များက ဂုဏ်ပြုဖျော်ဖြေတင်ဆက်ကြသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဦးရဲတင့်က ကန်တော့ခံသက်ကြီး ဟာသပညာရှင်ကြီးများ၏ ဘဝတစ်သက်တာတွင် ပြည်သူများအား အပန်းပြေပျော်ရွှင်စေပြီး နိုင်ငံအေးချမ်းသာယာရေး တွင်လည်း တစ်ဖက်တစ်လမ်းမှ အကျိုးပြုနေသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ သက်ရှည်ကျန်းမာပြီးနိုင်ငံနှင့် ပြည်သူ့အကျိုးဆက်လက်ထမ်းဆောင်နိုင်ကြပါစေကြောင်းနှင့် ဟာသပညာရှင်မျိုးဆက်သစ်လူငယ်များအား လက်ဆင့်ကမ်းအနုပညာ အမွေပေးဝေနိုင်ကြပြီး ရိုးရာအနုပညာနှင့် ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းကာ ဟာသလောက ရေရှည်တည်တံ့ ဖွံ့ဖြိုးနိုင်ပါစေကြောင်း မုဒိတာစကား ပြောကြားသည်။

 

ယင်းနောက် မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ဦးဒိန်းဒေါင်က ကျေးဇူးတင်စကား ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံး(ဗဟို)သို့ ပြန်ကြားရေးဝန်ကြီးဌာနက အလှူငွေကျပ်သိန်း ၅၀ အား ဒုတိယဝန်ကြီး ဦးရဲတင့်ကလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကလှူဒါန်းသည့် အလှူငွေကျပ်သိန်း ၁၀၀ အား ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်ကလည်းကောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အလှူငွေ ကျပ်သိန်း ၂၀ အားလည်းကောင်း၊ အလှူရှင်များက အလှူငွေများကိုလည်းကောင်း ပေးအပ်လှူဒါန်းကြသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးက ဟာသတစ်သက်တာဆုရရှိကြသည့် အကယ်ဒမီ ဦးမိုးဒီ၊ ဦးဖိုးဆောင်း၊ ဦးစံမိုး၊ ဦးတိမ်ညွန့်၊ ဦးပေါ်လေး၊ ဦးဥဩ၊ ရေဒီယို ဦးမန်းကျော်နှင့် ဦးရွှေဂဲတို့ကို ဆုများ ပေးအပ်ချီးမြှင့်သည်။

 

­ထို့နောက် ဒုတိယဝန်ကြီး ဦးရဲတင့်က ဟာသဖန်တီးမှု ထူးချွန်ဆုရရှိသည့် ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်)နှင့် ဟာသထူးချွန်ဆုရရှိသည့် အကယ်ဒမီများရှင် ရန်အောင်တို့ကို လည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီး ဦးဌေးအောင်က ပရဟိတထူးချွန်ဆုရရှိသည့် ဖြူဖြူထွေး၊ ဟာသပညာထူးချွန်ဆုရရှိသည့် ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် အကယ်ဒမီ ကျော်ကျော်ဗိုလ်၊ ဟာသထူးချွန်ဆုရရှိသည့် ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် စိုးမြတ်သူဇာတို့ကိုလည်းကောင်း၊ မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံး (ဗဟို)ဥက္ကဋ္ဌ ဦးဒိန်းဒေါင်က မျိုးဆက်သစ်ဟာသထူးချွန်ဆုရရှိသည့် သာတီတူးကိုလည်းကောင်း၊ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို) ဒုတိယဥက္ကဋ္ဌ ဦးအုန်းသီးက ဟာသထူးချွန်ဆုရရှိသည့် ဝိုင်းချစ်၊ ပရဟိတထူးချွန်ဆုရရှိသည့် ဦးချစ်စံနှင့် ဦးဒေါင်းရှိန် တို့ကိုလည်းကောင်း၊ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး (ဗဟို)အကြံပေးနာယက ဦးငြိမ်းချမ်းက ပရဟိတထူးချွန်ဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီး မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံးဥက္ကဋ္ဌ ဦးပေါ်ပေါ်ကိုလည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

 

ယင်းနောက် တက်ရောက်လာကြသူများက သက်ကြီးဟာသအနုပညာရှင်ကြီးများအား ပူဇော်ကန်တော့ကြပြီး ကန်တော့ခံသက်ကြီးဟာသအနုပညာရှင်များ ကိုယ်စားသက်ကြီးဟာသ အနုပညာရှင် အကယ်ဒမီ ဦးမိုးဒီက ကျေးဇူးတင်စကားပြောကြားသည်။

သတင်းစဉ်