နေပြည်တော် ၁၁ စက်တင်ဘာ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) တို့ ပူးပေါင်း၍ (၁၇)ကြိမ်မြောက် အမျိုးသားအဆင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ ILO ဆက်သွယ်ရေးအရာရှိ Mr. Donglin Li နှင့် (ILO) ရန်ကုန်ရုံးမှ ကိုယ်စားလှယ်များ၊ အလုပ်သမားကိုယ်စားလှယ်များ၊ အလုပ်ရှင်ကိုယ်စားလှယ်များနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ယနေ့သုံးပွင့်ဆိုင်ဆွေးနွေးပွဲကျင်းပရသည့် ရည်ရွယ်ချက်သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများရှိ၍ ရောဂါထိန်းချုပ်နိုင်ရေးဖြင့် အလုပ်သမားများဘေးအန္တရာယ် ကင်းရှင်းစေရေး လုပ်ဆောင်သင့်သည်များကို ပူးပေါင်းအဖြေရှာကြရန်ဖြစ်ပါကြောင်း။
ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ မည်ကဲ့သို့ ထိန်းချုပ်ဆောင်ရွက်သွားမည်ကို လက်ရှိအချိန်တွင်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အလုပ်သမားများ ဘေးအန္တရာယ်ကင်းရှင်းရန် လုပ်ဆောင်သည့်အချက်များကို ပူးပေါင်းပြီးရှာဖွေကြရန် ဖြစ်ပါကြောင်း၊ ယခုဆွေးနွေးမှုများသည် အလုပ်သမားအင်အားများပြားသည့် ရန်ကုန်တိုင်းဒေသကြီးတစ်ခုအတွက်သာ ဦးတည်ဆွေးနွေးကြခြင်း ဖြစ်သော်လည်း နိုင်ငံတစ်ဝန်းရှိ စက်ရုံ၊ အလုပ်ရုံများ၊ စက်မှုဇုန်များနှင့် သက်ဆိုင်ပါကြောင်း၊ ယခုဆွေးနွေးပွဲမှရရှိသည့် အချက်များအပေါ်မူတည်၍ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ဇွန် ၂၃ ရက်တွင် ကျင်းပခဲ့သည့် ၁၆ ကြိမ်မြောက် အမျိုးသား အဆင့်သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို Video Conferencing စနစ်ဖြင့်ကျင်းပခဲ့ပြီး ကိုဗစ်-၁၉ အကျပ်အတည်း ကာလကို ကျော်လွှားနိုင်ရန် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် CERP ချမှတ် ဆောင်ရွက်ခဲ့ပါကြောင်း၊ သုံးပွင့်ဆိုင်ကိုယ်စားလှယ်များအကြား သတင်းအချက်အလက်များ မျှဝေဖလှယ်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရလဒ်ကောင်းများရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကြောင့်ဖြစ်ပေါ်လာမည့် New Normal ကျင့်သုံးမှုပုံစံကို ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာစံနှုန်းများအပေါ် အခြေခံပြီး ILO အဖွဲ့၏ ကိုဗစ်-၁၉ အကြပ်အတည်းတုံ့ပြန်ရေးနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့် အလုပ်အကိုင် ကဏ္ဍပြန်လည်နိုးထလာစေရေး ဆောင်ရွက်ပေးရန်၊ အလုပ်ဌာနများ အလုပ်အကိုင်များဝင်ငွေရှိမှု များအတွက်ထောက်ပံ့ပေးရန်၊ လုပ်ငန်းခွင်နေရာများတွင် အလုပ်သမားများအား အကာအကွယ်ပေးရန်၊ ဖြေရှင်းဆောင်ရွက်ရမည့် နည်းလမ်းများအတွက် လူမှုရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများကို ဆက်လက်ဆောင်ရွက်ရေး တို့ဖြစ်သည့် အဓိကလုပ်ငန်း မဏ္ဍိုင်(၄)ရပ်ရှိပြီး အဆိုပါမဏ္ဍိုင်(၄)ရပ်အား နိုင်ငံတော်အစိုးရနှင့်ဝန်ကြီးဌာနတို့ ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်း။
ဩဂုတ် ၁၂ ရက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လူ ၃၀ ထက်ပို၍ စုဝေးခြင်းမပြုရန် အမိန့်ကြော်ငြာစာထုတ်ပြန်ခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ်၌ ဩဂုတ်လလည်မှစ၍ ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုကြောင့် ရန်ကုန်တိုင်းဒေသကြီးမှာ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် တိုင်းဒေသကြီး အစိုးရဝန်ကြီးချုပ်၏ဦးဆောင်မှုဖြင့် တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးမှ အနီးကပ်ကြီးကြပ်ကာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့မှ ကိုယ်စားလှယ်များပါဝင်သည့် စစ်ဆေးရေးအဖွဲ့များနဲ့ စက်ရုံ၊ အလုပ်ရုံများကို ဝင်ရောက်စစ်ဆေးပြီး လိုအပ်သည်များ ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း။
ဩဂုတ် ၂၉ ရက်တွင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် အစည်းအဝေးခန်းမ၌ အထည်ချုပ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ကိုဗစ်-၁၉ ကပ်ရောဂါ ပြန်လည်ဖြစ်ပွားမှု မြင့်တက်လာခြင်းကြောင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို အားလုံးပူးပေါင်း၍ အလေးထား သတိပြုဆောင်ရွက်ပေးရေး၊ နိုင်ငံတော်အစိုးရအနေဖြင့်ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံရန်သင့်တော်သည့် ပတ်ဝန်းကျင်ကောင်းဖြစ်စေရေး ဖြေလျော့ဆောင်ရွက်မှုများအဖြစ် ကြိုးပမ်းဖော်ဆောင်ပေးလျက်ရှိပါကြောင်း၊ အထည်ချုပ်လုပ်ငန်းများ ဆက်လက်ရှင်သန်ဖွံ့ဖြိုးနိုင်ရေး အားလုံးဝိုင်းဝန်းကူညီဆောင်ရွက်ပေးဖို့ မှာကြားခဲ့ပါကြောင်း။
ထို့အတူ ဩဂုတ် ၃၀ ရက်မှာ ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုန်၊ ကနောင်ခန်းမ၌ အလုပ်သမားသမဂ္ဂကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ လက်ရှိအချိန်တွင် စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်၊ အလုပ်ဌာနများမှာ အလုပ်အကိုင်အခွင့်အလမ်းများတည်မြဲရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်သားများကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေးနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးတက်ကောင်းမွန်စေရေး အလေးထား ဆောင်ရွက်ပေးနေကြောင်း၊ ကိုဗစ်-၁၉ ရိုက်ခတ်မှုကြောင့် နောက်ဆက်တွဲ စီးပွားရေး ကျဆင်းမှုကို ကုစားနိုင်ရန် စက်ရုံ၊ အလုပ်ရုံများမှာဖြစ်ပေါ်လာနိုင်သည့် စိန်ခေါ်မှုများကို သုံးပွင့်ဆိုင်ပူးပေါင်းဖြေရှင်းရေး၊ ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များနှင့်အညီ တိကျစွာလိုက်နာ ဆောင်ရွက်မှုကို အသိအမှတ်ပြုကြောင်းနှင့် ထိုသို့ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကြိုတင်ကာကွယ်ကြရန် ဆွေးနွေးခဲ့ပါကြောင်း။
စက်ရုံ၊ အလုပ်ရုံများတွင် ကိုဗစ်-၁၉ ရောဂါပျံ့နှံ့မှုများ ရှိနေသောကြောင့် အဆိုပါရောဂါနှင့် ပတ်သက်ပြီးအလုပ်သမားများနှင့် အလုပ်ရှင်များအပေါ်တွင် ကျရောက်လာမည့် အန္တရယ်များကင်းရှင်းနိုင်ရေး လုပ်ဆောင်သင့်သည့်အချက်များကို ဆွေးနွေးသွားကြခြင်း ဖြစ်ပါကြောင်း၊ ရှေ့အနာဂတ် ကာလတွင်အလုပ်သမားရေးရာ ကိစ္စရပ်များနှင့်ပတ်သက်၍ လည်းကောင်း ဥပဒေပြင်ဆင်ရေး၊ အလုပ်သမားအခွင့်အရေး၊ အလုပ်ရှင်နှင့်ဆိုင်သည့် ကိစ္စများအပြင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆက်ဆံသည့်ကိစ္စရပ်များတွင် ယခုကဲ့သို့ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ဝန်ကြီးဌာနအနေဖြင့် အလုပ်သမားများ ရောဂါပျံ့နှံ့မှု Quarintine ဝင်ရောက်ရမှုနှင့် ဆေးကုသမှုအခြေအနေများအား မပြတ်စောင့်ကြည့်လျှက်ရှိပြီး အလုပ်ရှင်များနှင့်ပတ်သက်သည့် အလုပ်အမှာစာ(Order) ရောက်ရှိမှုအခြေအနေ၊ ရင်းနှီးမြုပ်နှံမှုအခြေအနေများ၊ ရှေ့အလားအလာများနှင့်ပတ်သက်၍ အိမ်နီးချင်း နိုင်ငံများနှင့်ကမ္ဘာ့နိုင်ငံများ၏ ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှု အခြေအနေများအပေါ် လေ့လာသုံးသပ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အလုပ်ရှင်အလုပ်သမားများ၏ ဆန္ဒသဘောထား အခက်အခဲများ အားအလေးထားဆောင်ရွက်လျက်ရှိပြီး တစ်ဦးချင်းစည်းကမ်းရှိစွာဖြင့် အားလုံးပူးပေါင်း၍ယခုကာလ အားအမြန်ဆုံးကျော်လွှားသွားနိင်ရေး တိုက်တွန်းပြောကြားသည်။
ထို့နောက် ILO ဆက်သွယ်ရေးအရာရှိ Mr. Donglin Li ၊ အလုပ်သမားကိုယ်စားလှယ်နှင့် အလုပ်ရှင်ကိုယ်စားလှယ်တို့မှ အသီးသီးနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီးနောက် တက်ရောက်လာသည့် ကိုယ်စားလှယ်များမှ လက်ရှိတွေ့ကြုံနေရသည့် အလုပ်သမားများအကြား ကိုဗစ်-၁၉ ရောဂါပျံ့နှံ့မှုအား တားဆီးထိန်းချုပ်နိုင်ရေး ကိစ္စရပ်များနှင့် အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ ဆက်လက်ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


