ရန်ကုန်   ဇန်နဝါရီ   ၁၄

 

မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းများအသင်း (MAJA)က ကြီးမှုး၍ ၂၀၂၂ ခုနှစ် (၁၇)ကြိမ်မြောက် ဂျပန်စာပေ ဘာသာပြန်ပြိုင်ပွဲနှင့် ဂျပန်စာပေ ဘာသာပြန် အငယ်တန်းအဆင့်ပြိုင်ပွဲတို့ကို ကျင်းပ သွားမည်ဖြစ်သည်။

 

ဂျပန်စာပေ ဘာသာပြန်ပြိုင်ပွဲ (Japanese Literature Translation Contest) သည် ဂျပန်စာပေ ဘာသာပြန်သူများ ပေါ်ထွန်းလာစေရန်အတွက် ရည်ရွယ်ချက်ဖြင့် ဂျပန်ခေတ်ပြိုင် စာပေများကို မြန်မာဘာသာသို့ ပြန်ဆိုပြီး၊ ပြည်တွင်း ပြည်ပမှ မြန်မာနိုင်ငံသား မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။ ဘာသာပြန်ဆိုရမည့် စာမူကို ပါဝင်ယှဉ်ပြိုင်သူထံသို့ Email ဖြင့်ပို့ပေးပြီး သတ်မှတ်ကာလ အတွင်း မြန်မာဘာသာ ပြန်ဆို၍ ပြန်လည်ပေးပို့ရမည်ဖြစ်သည်။

 

ပြိုင်ပွဲဝင်လိုသူများသည် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၃ ရက်မှ ၃၁ ရက်အတွင်း MAJA မှ ထုတ်ပြန်ထားသည့် Google form link တွင် ဖြည့်စွက်လျှောက်ထားနိုင်သည်။ ပြိုင်ပွဲဝင် စာမူများကို ပြိုင်ပွဲဝင်များထံသို့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်တွင် ပေးပို့သွားမည်ဖြစ်ကာ ဖေဖော်ဝါရီ ၂၁ ရက်တွင် ဘာသာပြန်စာမူကို ပြန်လည်ပေးပို့ရမည်ဖြစ်သည်။

 

ဂျပန်စာပေ ဘာသာပြန် အငယ်တန်းအဆင့်ပြိုင်ပွဲသို့ အသက် ၂၅ နှစ်အောက် ဂျပန်ဘာသာ အရည်အချင်း N3 အဆင့် ရှိသောသူများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး လွယ်ကူရိုးရှင်းသော ဂျပန် စာပေဖြင့် ရေးသားထားသည့် စာမူကို မြန်မာဘာသာသို့ပြန်ဆိုရမည် ဖြစ်သည်။ ဂျပန်စာပေအပေါ် စိတ်ဝင်စားမှု တိုးပွားလာစေရန်အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။ Zoom Online System ဖြင့် ၃ နာရီကြာ ကျင်းပမည့် ဘာသာပြန်ပြိုင်ပွဲတွင် ဂျပန်ဘာသာဖြင့် ရေးသားထားသော စာမူကို မြန်မာဘာသာသို့ ပြန်ဆိုကာ ပေးပို့ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 

ဂျပန်စာပေ ဘာသာပြန် အငယ်တန်းအဆင့်တွင် ပါဝင်ယှဉ်ပြိုင်သူများသည် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၃ ရက်မှ ဇန်နဝါရီ ၃၁ ရက်အတွင်း လျှောက်ထားရမည်ဖြစ်သည်။ ပြိုင်ပွဲကို ၂၀၂၂ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် နံနက် ၉ နာရီမှ ၁၂ နာရီအထိ ကျင်းပမည်ဖြစ်သည်။ ဘာသာပြန်ပြိုင်ပွဲတွင် မိမိ ကြိုက်နှစ်သက်ရာ အဘိဓာန်ကို အသုံးပြုနိုင်ပြီး ပြိုင်ပွဲနှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက် များကို ပြိုင်ပွဲဝင်များထံသို့ ပေးပို့မည်ဖြစ်ကြောင်း သိရသည်။

 

မျိုးမင်းသူရ