နေပြည်တော် ဒီဇင်ဘာ ၁၇
တောင်သူများ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ နည်းပညာအခက်အခဲများ ဖြေရှင်းပေးရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် သုတေသီများ၊ ပညာရှင်များ၊ စိုက်ပျိုး ပညာပေး တာဝန်ရှိသူများနှင့် တောင်သူများအကြား နီးကပ်စွာ ဆွေးနွေးအဖြေရှာ ဖော်ထုတ် ပေးထုတ်နိုင်ရန် အပတ်စဉ်စနေနေ့တိုင်း ကျင်းပသည့် (၁၈) ကြိမ်မြောက် တောင်သူ နည်းပညာဆွေးနွေးပွဲ (Farmers’ Technical Forum) ကို ယမန်နေ့နံနက်ပိုင်းက စိုက်ပျိုးရေး သုတေသန ဦးစီးဌာန၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ နည်းပညာများကို တောင်သူများကိုယ်တိုင် ပါဝင်ဆွေးနွေးနိုင်စေရန် ယခုဆွေးနွေးပွဲကို ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနနှင့် တောင်သူများအကြားအလပ်မရှိ အချိတ်အဆက်မိမိ ဆောင်ရွက်နိုင်ရေး ယခုကဲ့သို့ ပညာရှင်များနှင့် လယ်သမားများ စဉ်ဆက်မပြတ် ထိတွေ့ဆွေးနွေးရန်လိုကြောင်း၊ တောင်သူများအနေဖြင့် သီးနှံများ ဆွတ်ခူးရိတ်သိမ်းသည်မှ စားသုံးသည်အထိ ဆောင်ရွက်သည့် လုပ်ငန်းစဉ်တစ်လျောက် လေ့လွင့်ပျက်စီးဆုံံးရှုံးမှုနည်းစေရန်နှင့် အရည်အသွေး၊ အာဟာရဓာတ်ပါဝင်မှု ထိခိုက်ပျက်ဆီးဆုံးရှုံးခြင်းတို့မှ ကာကွယ်နိုင်ရန် ရိတ်သိမ်းပြီးနောက်ပိုင်း သန့်စင်ခြင်း၊ အခြောက်ခံခြင်း၊ ထုပ်ပိုးခြင်းနှင့် သိုလှောင်ခြင်း စသည့် ရိတ်သိမ်းချိန်လွန်နည်းပညာဆိုင်ရာ အခြေခံလုပ်ငန်းစဥ်များကို စနစ်တကျလုပ်ဆောင်ရန် လိုအပ်ချက်များကို ယခု ဆွေးနွေးပွဲတွင် လေ့လာကြရန် ပြောကြားသည်။
ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ သုတေသီများ၊ ပညာရှင်များနှင့် ပျဥ်းမနားမြို့နယ် နတ်သူရဲကျေးရွာမှ တောင်သူ (၃၀) တို့ တက်ရောက် ဆွေးနွေးကြပြီး စိုက်ပျိုးရေးဦးစီးဌာန ဥယျာဥ်ခြံ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝ နည်းပညာဌာနခွဲ ရိတ်သိမ်းချိန်လွန် နည်းပညာဌာန (PHRI) ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ လှလှမြင့်က ရိတ်သိမ်းချိန်လွန်နည်းပညာ (ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ) ခေါင်းစဥ်ဖြင့်လည်းကောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ရိတ်သိမ်းချိန်လွန်နည်း ပညာနှင့် အစားအစာ သိပ္ပံသုတေသနဌာနခွဲ၊ ရိတ်သိမ်းချိန်လွန် နည်းပညာသုတေသနဌာနစု ဒေါက်တာ ခင်မောင်ညွန့် က ဒေသခံတောင်သူများ၏ ရိတ်သိမ်းချိန်လွန်နည်းပညာများအား လေ့လာခြင်း ခေါင်းစဥ်ဖြင့်လည်းကောင်း ဆွေးနွေးတင်ပြကြရာ တက်ရောက်လာကြသည့် တောင်သူများ က သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်