နေပြည်တော်  ၂၆ ဇူလိုင် 
    

(၁၉)ကြိမ်မြောက် အာဆီယံအဆင့်မြင့်အရာရှိကြီးအဆင့် နိုင်ငံဖြတ်ကျော် မှုခင်း တိုက်ဖျက်ရေးဆိုင်ရာ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (19thSenior Officials Meeting on Transnational Crimes and Its Related Meetings-19th SOMTC)ကို ဇူလိုင် ၂၃ ရက်မှ ၂၆ ရက်အထိ မြန်မာနိုင်ငံ၊ နေပြည်တော်တွင် လက်ခံကျင်းပပြုလုပ်သည်။ 
    

အဆိုပါ 19th SOMTC နှင့် ဆက်စပ်အစည်းအဝေးများသို့ အာဆီယံ ၁၀ နိုင်ငံမှ အဆင့်မြင့် အရာရှိကြီးအဆင့် ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ ဆွေးနွေးဘက်နိုင်ငံများဖြစ်ကြသည့် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ဩစတြေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ နယူးဇီလန်၊ ရုရှား၊ အမေရိကန်ပြည်ထောင်စုနှင့် UNODC၊ ဒေသဆိုင်ရာတို့မှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံဘက်မှ SOMTC ခေါင်းဆောင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ် ဦးစီးသည့် ဘာသာရပ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ၊ စုစုပေါင်း ကိုယ်စားလှယ် ၂၅၀ ခန့် တက်ရောက်သည်။
    

ဇူလိုင် ၂၃ ရက်တွင် အဆင့်မြင့်အရာရှိကြီးများအဆင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ လက်နက်မှောင်ခိုမှုခင်းများ တိုက်ဖျက်ရေး၊ ဆိုက်ဘာမှုခင်း တိုက်ဖျက်ရေးတို့နှင့် စပ်လျဉ်း၍ ဆက်စပ်အစည်းအဝေးများ အပါအဝင် လုပ်ငန်းအဖွဲ့ အစည်းအဝေး ၆ ခု ကျင်းပပြုလုပ်သည်။ 
    

ဇူလိုင် ၂၄ ရက်တွင် 19th SOMTC နှင့် ဆက်စပ် အစည်းအဝေးများ ဖွင့်ပွဲအခမ်းအနားကို နံနက် ၉ နာရီတွင် နေပြည်တော်၊ Horizon Lake View Hotel, Thazin Villa ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးတို့ တက်ရောက်၍ ဖွင့်ပွဲမိန့်ခွန်းပြောကြားသည်။ 
    

အာဆီယံအသင်းကြီး၏ မဏ္ဍိုင်ကြီး ၃ ရပ်တွင် နိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အဝန်း(APSC)၏ မျှော်မှန်းချက်များ အကောင်အထည်ဖော်မှုတွင် နိုင်ငံဖြတ်ကျော်မှုခင်း တိုက်ဖျက်ရေးသည် အာဆီယံဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် အဓိက ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်ဖြစ်သည်။ အဆိုပါလုပ်ငန်းစဉ်တွင် ဝန်ကြီးအဆင့် AMMTC နှင့် အဆင့်မြင့်အရာရှိကြီးအဆင့် SOMTC တို့သည် နှစ်စဉ်အလှည့်ကျနိုင်ငံမှ အိမ်ရှင်အဖြစ် တာဝန်ယူ၍ ကျင်းပပြုလုပ်လျက်ရှိသည်။ မြန်မာနိုင်ငံသည် ၂၀၁၈ခုနှစ်တွင် 12th AMMTC ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသည်။ SOMTC အစည်းအဝေးကို ၂၀ဝ၉ ခုနှစ်တွင် 9th SOMTC ကို နေပြည်တော်တွင် လက်ခံကျင်းပခဲ့ပြီး ယခု 19th SOMTC ကို ဒုတိယအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်း ဖြစ်သည်။ 
    

အာဆီယံအသင်းကြီးအနေဖြင့် စတင်ထူထောင်ကတည်းက ချမှတ်အတည်ပြုထားသော ပဋိညာဉ်စာတမ်းပါ အခြေခံမူ၊ ရည်ရွယ်ချက်များ၏ အဓိကဖော်ပြချက်သည်  ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန်ဖြစ်ပြီးနိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် လူမှုယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးကို ပိုမိုမြှင့်တင်ခြင်းအားဖြင့် ဒေသဆိုင်ရာ ခံနိုင်ရည်ရှိမှု ကိုမြှင့်တင်ရန်ဖြစ်သည်။ အာဆီယံအသင်းကြီး၏ အဓိကရည်ရွယ်ချက်နှင့် အခြေခံမူဝါဒများ ကို အဟန့်အတားအနှောင့်အယှက်ဖြစ်စေသည့် နိုင်ငံဖြတ်ကျော် မှုခင်းပြဿနာများသည် အာဆီယံဒေသတွင်းသို့ တစ်စတစ်စ ကူးစက်ရောက်ရှိလာခြင်းကို သတိပြုမိကြသည့် အတွက် နိုင်ငံဖြတ်ကျော်မှုခင်းများဖြစ်သည့် အကြမ်းဖက်မှု၊ လူကုန်ကူးမှု၊ ငွေကြေးခဝါချမှု၊ ဆိုက်ဘာမှုခင်းစသည့် မှုခင်းအမျိုးအစား ၁၀ မျိုးနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေးနှင့် တားဆီးနှိမ်နင်းရေးတို့ကို ပူးပေါင်းတိုက်ဖျက်နိုင်ရန် ယခုအဆင့်မြင့်အရာရှိကြီးအဆင့်တွင် ဆွေးနွေးကြခြင်း ဖြစ်သည်။ 
    

19th SOMTC စုံညီအစည်းအဝေးကို ဇူလိုင်(၂၄)ရက် နံနက် (၁၀)နာရီခွဲမှ စ၍ ဇူလိုင်(၂၅)ရက် မွန်းလွဲ(၁)နာရီအထိ အစည်းအဝေးအစီအစဉ် ၂၄ ခုဖြင့် ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးသဘာပတိအဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ်၊ ရဲဗိုလ်ချုပ် မျိုးဆွေဝင်းက ဆောင်ရွက်ခဲ့ပြီး  အဆိုပါအစည်းအဝေးတွင် အဓိက ဆွေးနွေးချက်များမှာ လက်နက် မှောင်ခိုမှုခင်း၊ အကြမ်းဖက်မှု၊ လူကုန်ကူးမှု၊ ဆိုက်ဘာမှုခင်း၊ တောရိုင်းတိရစ္ဆာန်နှင့် သစ်တရားမဝင် ကူးသန်းရောင်းဝယ်မှုများနှင့် စပ်လျဉ်း၍ လုပ်ငန်းအဖွဲ့များ၏ ဆွေးနွေးချက် များနှင့် ဆက်လက်ဆောင်ရွက်ရန် အကြံပြုတင်ပြသည်များကို ရှင်းလင်းဆွေးနွေးခြင်း၊     အဆိုပါ မှုခင်းများနှင့် ပတ်သက်၍ ၂၀၁၉-၂၀၂၁ ခုနှစ်တွင် အကောင်အထည် ဖော်မည့် SOMTC ၏ လုပ်ငန်းအစီအမံများကို ရှင်းလင်းဆွေးနွေးခြင်း၊    အာဆီယံဒေသတွင်း ဖြစ်ပေါ်နေသော နိုင်ငံဖြတ်ကျော်မှုခင်းများအားလုံးနှင့် ပတ်သက်၍ တားဆီးနှိမ်နင်းရေး ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းလမ်းညွှန်ချက်(ToR) ရေးဆွဲရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးအကြံပြုခြင်း၊ သတင်းအချက်အလက် မှတ်တမ်းများ ထားရှိအသုံးပြုနိုင်ရေးစနစ် ထူထောင်ရန်နှင့်ပတ်သက်၍ ဆွေးနွေးခြင်း။ 
    

ဆွေးနွေးဘက်နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ဩစတြေးလျ၊ ကနေဒါ၊ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ နယူးဇီလန်၊ ရုရှား၊ အမေရိကန်ပြည်ထောင်စု တို့၏ SOMTC တွင် ပူးပေါင်းဆောင်ရွက်မှုနှင့် အကူအညီပေးရေး လုပ်ငန်းစဉ် များနှင့် ပတ်သက်၍ ဇူလိုင်(၂၅) ရက်မွန်းလွဲ (၂) နာရီမှ ဇူလိုင်(၂၆)ရက် ညနေ (၄)နာရီ မိနစ်(၂၀) အထိ နိုင်ငံတစ်ခုချင်းစီနှင့် သီးခြားဆွေးနွေးခြင်း၊     ၂၀၂၀ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် 20th SOMTC နှင့် ဆက်စပ်အစည်းအဝေးများ လက်ခံကျင်းပမည့် ဖိလစ်ပိုင်နိုင်ငံနှင့် ဆွေးနွေးခြင်းနှင့်  သီးခြား လုပ်ငန်းစဉ်များ အနေဖြင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ကူးသန်းရောင်းဝယ်မှုနှင့် ပတ်သက်၍လည်းကောင်း၊ အာဆီယံဒေသတွင်း နိုင်ငံများ၏ နယ်စပ်ဒေသများ စီမံခန့်ခွဲမှုဆိုင်ရာနှင့် ပတ်သက်၍ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များရှင်းလင်းဆွေးနွေးခြင်းတို့နှင့် ပတ်သက်၍လည်းကောင်း ဆွေးနွေးခဲ့ကြသည်။ 
     

ယနေ့မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၁၉)ကြိမ်မြောက် အာဆီယံအဆင့်မြင့်အရာရှိကြီးအဆင့် နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ အစည်း အဝေး နှင့် ဆက်စပ်အစည်းအဝေးများတွင် ဆွေးနွေးချက်များမှ ရလဒ်အနေဖြင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် ဒေသတွင်းဖြစ်ပေါ်နေသည့် အကြမ်းဖက်မှု၊ လူကုန်ကူးမှု၊ ဆိုက်ဘာမှုခင်း များနှင့် အကြမ်းဖက်မှုကို ဖြစ်ပေါ်စေသော အစွန်းရောက် အကြမ်းဖက်ဝါဒနှင့် အစွန်းရောက်များ ပေါက်ဖွားလာမှုတို့နှင့် စပ်လျဉ်း၍ ကြိုတင်ကာကွယ်ရေး၊ တားဆီးနှိမ်နင်းရေးတို့တွင် ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းစီမံချက်(၂၀၁၉-၂၀၂၅)အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များကို အပြန်အလှန် ဆွေးနွေးဖလှယ်ခြင်းဆောင်ရွက်နိုင်ခဲ့သည်။ 
    

ယင်းအချက်သည် မြန်မာနိုင်ငံ အတွက်သာမက အာဆီယံဒေသတွင်း နိုင်ငံများနှင့် အာဆီယံ၏ ပူးပေါင်းဆောင်ရွက်မှုအတွက် ထိရောက်အကျိုးရှိသော ရလဒ်ကောင်းတစ်ခုဖြစ်ပြီး  အာဆီယံအသင်းကြီး၏ ဘက်စုံလုံခြုံရေး အခြေခံမူနှင့်အညီ ခြိမ်းခြောက်မှုများ၊ နယ်စပ်ဖြတ်ကျော်မှုခင်းများနှင့် နယ်နိမိတ်ဖြတ်ကျော် စိန်ခေါ်မှုများကို ထိရောက်စွာ တုန့်ပြန် နိုင်ရန် အကျိုးရလဒ်ကောင်းများ ရရှိခဲ့သည့် အဆင့်မြင့်အရာရှိကြီးအဆင့် အစည်းအဝေး တစ်ခုဖြစ်ကြောင်း သတင်းရရှိသည်။


သတင်းစဉ်