နေပြည်တော် ၂၄ ဇူလိုင် 

အာဆီယံအသင်း၏ နှစ်စဉ်ပုံမှန်ပြုလုပ်နေကျဖြစ်သော အဆင့်မြင့်အရာရှိကြီးများအဆင့် နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအား နှစ်စဉ်အလှည့်ကျနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိရာ (၁၉)ကြိမ်မြောက် အာဆီယံ အဆင့်မြင့် အရာရှိကြီးများအဆင့် နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (19th Senior Official Meeting on Transnational Crime and its Related Meetings -19th SOMTC)ကို မြန်မာနိုင်ငံ၊ နေပြည်တော်တွင် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၂)ရက်နေ့မှ (၂၆)ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိသည်။

19th SOMTC နှင့် ဆက်စပ်အစည်းအဝေးများ၏ လုပ်ငန်းအဖွဲ့အစည်းအဝေးများ (Working Group Meetings)အား ဇူလိုင် (၂၃)ရက်တွင်လည်းကောင်း၊ အဖွဲ့ခေါင်းဆောင်များ၏ မျက်နှာစုံညီအစည်းအဝေး (Plenary Session) နှင့် ဆွေးနွေးဖက်နိုင်ငံများနှင့် ညှိနှိုင်းအစည်းအဝေးများ (SOMTC +Dialogue Partners Consultations)အား ဇူလိုင်လ (၂၄)ရက်မှ (၂၆)ရက်အထိလည်းကောင်း ကျင်းပသွားမည်ဖြစ်ရာ အစည်းအဝေးများ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉နာရီတွင် နေပြည်တော် Horizon Lake View Hotel ၊ သဇင်ဆောင်၊ Grand Ballroom (2) ၌ ကျင်းပသည်။ 

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်တို့က တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့ကြပြီး အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ အာဆီယံ(၁၀)နိုင်ငံ၊ ဆွေးနွေးဖက်နိုင်ငံများဖြစ်သော သြစတြေးလျ၊ ကနေဒါ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ နယူးဇီလန်၊ ရုရှား၊ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့မှ အဆင့်မြင့်အရာရှိကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် အဆင့်မြင့်အရာရှိကြီးများ  စုစုပေါင်း (၃၀ဝ)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ရဲပြန်ကြား