ဟန်ကျိုး စက်တင်ဘာ  ၂၄

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ဒေသစံတော်ချိန် ည(၈)နာရီတွင် ဟန်ကျိုးမြို့ရှိ အိုလံပစ်အားကစားကွင်း (Hangzhou Olympic Center)၌ ကျင်းပသည်။

 

အခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ပြိုင်ပွဲဝင်နိုင်ငံ များမှ အားကစားသမားများ၊ အုပ်ချုပ်/နည်းပြများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် (၁၉)ကြိမ်မြောက် တရုတ်အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌနှင့် အာရှအိုလံပစ်ကော်မတီယာယီဥက္ကဋ္ဌတို့က အဖွင့်မိန့်ခွန်းပြောကြားကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတက (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဖွင့်လှစ်ကြောင်း ကြေညာသည်။

 

ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အမှတ်တရနေရာများ၊ ရိုးရာအကအလှများ၊ ဖျော်ဖြေရေးအစီအစဉ် များဖြင့် တင်ဆက်သရုပ်ဖော်ပြသကြသည်။

 

ယင်းနောက် အာရှအားကစားပြိုင်ပွဲ အလံလွှင့်တင်၍ အားကစားသစ္စာအဓိဌာန်နှင့် ဒိုင်လူကြီး သစ္စာအဓိဌာန် တို့ကို ရွတ်ဆိုကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ လက်ရွေးစင်အားကစားသမားများက အာရှအားကစားပြိုင်ပွဲ မီးရှူးတိုင်ကို ကွင်းအတွင်းသို့ လက်ဆင့်ကမ်းသယ်ဆောင်ကာ မီးထွန်းညှိပေးခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)