ရန်ကုန် ၅ စက်တင်ဘာ
အကျဉ်းထောင်အသီးသီး၌ အကျဉ်းကျခံနေရသော ၂၀၁၈-၂၀၁၉ ပညာသင်နှစ်နှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သည့် အကျဉ်းသား ကျောင်းသား၊ ကျောင်းသူ များအနက် ၅၅ ဦးအား ယနေ့ နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတက ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့်ပြုရာ ရန်ကုန်မြို့ရှိ အင်းစိန်ဗဟိုအကျဉ်း ထောင်မှ ထူးချွန်စွာ အောင်မြင်ခဲ့ကြသော အကျဉ်းသား ၂၅ ဦးပါဝင် လွတ်မြောက်ခဲ့ ကြောင်း အဆိုပါ အကျဉ်းထောင်မှ သိရသည်။
အကျဉ်းဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဇော်က “ထူးထူးချွန်ချွန်အောင်မြင်ခဲ့တဲ့ အကျဉ်းသား ကျောင်းသားတွေကို နိုင်ငံတော်သမ္မကြီးက လွတ်ငြိမ်းသက်သာခွင့် ပေးတာဖြစ်ပါတယ်။ အင်းစိန် ဗဟိုအကျဉ်းထောင်က ၂၅ ဦး လွတ်မြောက်ပါတယ်။ အဓိကကတော့ သူတို့ကို နိုင်ငံတော်သမ္မတကြီးက လူမှုရေးအရ ငဲ့ညှာသောအားဖြင့် လည်းကောင်း၊ ထူးချွန်စွာ ကြိုးစားအားထုတ်မှုကြောင့် လည်းကောင်း၊ အပြင်မှာလည်း တက္ကသိုလ်ပညာ ဆက်လက်သင်ကြားနိုင်ဖို့အတွက် လည်းကောင်း၊ နိုင်ငံတော်ရဲ့ မေတ္တာ၊ စေတနာကိုနားလည်ပြီး လူကောင်းလေးတွေ ဖြစ်အောင် နိုင်ငံတော်ရဲ့ အစီအစဉ်နဲ့လွှတ်ပေးတာဖြစ်ပါတယ်” ဟုပြောသည်။
အင်းစိန်ဗဟိုအကျဉ်းထောင်မှ ယနေ့ လွတ်မြောက်သူများတွင် ၂၀၁၈-၂၀၁၉ ပညာ သင်နှစ်တွင် ထူးချွန်စွာအောင်မြင်ကြသူများအနက်မှ အကျဉ်းသား ကျောင်းသား ၁၁ ဦး နှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ကြသူများအနက်မှ အကျဉ်းသား ကျောင်းသား ၁၄ ဦးပါဝင်ကြောင်း အဆိုပါ အကျဉ်းထောင်မှသိရသည်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် လေးဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်သူ အကျဉ်းသား ကျောင်းသား မောင်စစ်ပိုင်ထူး က``မူးယစ်ဆေးဝါးအမှုနဲ့ ထောင် ၁၃ နှစ် ကျခဲ့တယ်။ အထဲမှာလေးနှစ်ကျော်လောက်နေခဲ့ရတယ်။ နိုင်ငံတော်သမ္မတကြီး အနေနဲ့ ကျွန်တော်တို့ကို အသိအမှတ်ပြုပြီး လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့တဲ့အတွက် ကျေးဇူးတင် တယ်။ အတိုင်းမသိဝမ်းသာပါတယ်။ အပြင်ရောက်ရင် ကျွန်တော်ရထားတဲ့ အမှတ်နဲ့ တက္ကသိုလ် ပညာဆက်လက်သင်ကြားပြီး တိုင်းပြည်အတွက် တစ်ထောင့်တစ် နေရာက ပါဝင်ချင်ပါတယ် ´´ ဟုပြောသည်။
ယနေ့လွတ်မြောက်သူများ အနက် ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သူ ကိုးဦးအား ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ စစ်ဆေးမှုခံယူနိုင်ရန် အကျဉ်းထောင် တာဝန်ရှိသူများက လှိုင်မြို့နယ်အတွင်းရှိ Quarantine Center သို့ပို့ဆောင်သွားမည်ဖြစ် ပြီး အခြားသော နေရပ် ဒေသများသို့ပြန်မည့် သူများအား သက်ဆိုင်ရာ ကားဂိတ်များသို့ လိုက်လံပို့ဆောင်ပေးမည့် အပြင် ၎င်းတို့၏ နေရပ်ဒေသ များသို့ပြန်လည်ရောက်ရှိချိန်တွင် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုမှု ခံယူနိုင်ရန် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အင်းစိန် ဗဟိုအကျဉ်းထောင် တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးဌေး က ပြောသည်။
အဆိုပါ လွတ်ငြိမ်းသက်သာခွင့်ရရှိသူ အကျဉ်းသား ကျောင်းသားများအား ယနေ့နံနက် ပိုင်းက အင်းစိန်ဗဟို အကျဉ်းထောင်ဝင်းအတွင်းရှိ အနုပညာနှင့် အားကစားခန်းမ၌ အကျဉ်းဦးစီးဌာနနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆုံးမဩဝါဒစကားများပြောကြားပြီး ထောင်လွတ်လက်မှတ်၊ လွတ်လူခရီးစရိတ်၊ လမ်းစရိတ် ထောက်ပံ့ငွေနှင့် အကျဉ်းသားတစ်ဦးလျှင် ဂုဏ်ပြုဆုငွေ ကျပ်တစ်သိန်းစီ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်


