နေပြည်တော် ၃၁ သြဂုတ်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ လေ့လာဆန်းစစ်ချက်အရ ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ကင်ဆာရောဂါဝေဒနာရှင်ပေါင်း (၆၉၅၅၄) ဦးရှိခဲ့ပြီး အဖြစ်အများဆုံးမှာ အဆုတ်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ ရင်သားကင်ဆာနှင့် အသည်းကင်ဆာတို့ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဇော်လင်းထွဋ်ကပြောကြားသည်။
ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ MGallery ဟိုတယ်၌ကျင်းပသည့် အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီနှင့် ဝက်စ်မင်စတား ဒီမိုကရေစီဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ မြန်မာနိုင်ငံတွင် ကင်ဆာရောဂါဖြစ်ပွားမှု၊ သေဆုံးမှုနှင့် ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းများဆိုင်ရာ လက်တွေ့ဆောင်ရွက်နေသူများ၏ ကျန်းမာရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ၌ ဒေါက်တာဇော်လင်းထွဋ်က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍၎င်းက မြန်မာနိုင်ငံတွင် ကင်ဆာဖြစ်ပွားမှုနှုန်းသည် လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း လျင်မြန်စွာ တိုးပွားလာခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် သေဆုံးမှုစုစုပေါင်း၏ ၄ ဒသမ ၉ ရာခိုင်နှုန်းနှင့် ရောဂါဖြစ်ပွားမှုအားလုံး၏ ၂ ဒသမ ၉ ရာခိုင်နှုန်းသည် ကင်ဆာရောဂါနှင့် ဆက်နွှယ်နေသည်ဟု သိရှိရပါကြောင်း။
ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် မကူးစက်နိုင်သော ရောဂါများနှင့်ကင်ဆာရောဂါ ဖြစ်ပွားမှုများ တိုးပွားလာခြင်းနှင့်အတူ ရောဂါကာကွယ်ရေးနှင့်ကုသရေး လုပ်ငန်းများကိုလည်း တိုးမြှင့်လုပ်ဆောင်ရန် လိုအပ်လျက်ရှိပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့်လည်း အဆိုပါလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် ကြိုးစားလျက်ရှိပြီး ဆက်စပ်ဝန်ကြီးဌာနများ အနေဖြင့်လည်းပေါင်းစပ်၍ ထိရောက်သော ကာကွယ်ကုသမှုလုပ်ငန်းများကို ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ဒေါက်တာဇော်လင်းထွဋ်က ပြောကြားသည်။
ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာကျော်ကံကောင်းက မြန်မာနိုင်ငံ အမျိုးသားကင်ဆာရောဂါ ကာကွယ်ရေးအစီအစဉ်နှင့် ကင်ဆာရောဂါ ကာကွယ်ရေးအတွက် စိန်ခေါ်မှုများကို ဆွေးနွေးပြောကြားပြီး ဒုတိယညွှန် ကြားရေးမှူးချုပ် ဒေါက်တာခင်ချစ် က မြန်မာနိုင်ငံရှိ ကင်ဆာရောဂါကာကွယ်ရေးတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ အခန်းကဏ္ဍနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။
ယင်းနောက် နေပြည်တော်ခုတင် (၁၀ဝဝ)ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီး ဒေါက်တာခိုင်စန္ဒာနှင့် ဒေါက်တာခင်ခင်နွယ်တို့က မြန်မာနိုင်ငံရှိ ကင်ဆာရောဂါ လူနာများကို ဓာတ်ရောင်ခြည်နည်းဖြင့် ကုသပေးမှုအခြေအနေ၊ ကင်ဆာဆေးပညာဖြင့် ကုသပေးမှု အခြေအနေများနှင့် အခက်အခဲများကို ရှင်းလင်းဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဇော်လင်းထွဋ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်ချစ်၊ အထူးကုဆရာဝန်ကြီး ဒေါက်တာခင်ခင်နွယ်နှင့် ဒေါက်တာခိုင်စန္ဒာ၊ ညွှန်ကြားရေးမှူး ဒေါက်တာကျော်ကံကောင်းနှင့် ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းမှ ဒေါက်တာဖေသက်ထွန်းတို့က မြန်မာနိုင်ငံရှိ ကင်ဆာရောဂါကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အခြေအနေများ ခေါင်းစဉ်ဖြင့် အုပ်စုဖွဲ့ဆွေးနွေးကြသည်။
“မြန်မာနိုင်ငံမှာ လက်ရှိကင်ဆာရောဂါ ဖြစ်ပွားမှုအခြေအနေက တဖြည်းဖြည်း များပြားလာတာတွေ့ရတယ်။ ခန့်မှန်းအနေနဲ့ တစ်နိုင်ငံလုံးမှာ နှစ်စဉ်လူနာသစ် ခြောက်သောင်း၊ ခုနှစ်သောင်း ဝန်းကျင်ခန့် ဖြစ်ပွားနေတဲ့အနေအထားမှာရှိတယ်။ အမျိုးသားတွေမှာ အဆုတ်ကင်ဆာနဲ့ အမျိုးသမီးတွေမှာ ရင်သားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာတွေ အများဆုံးဖြစ်ကြတယ်။ ကာကွယ်ရေးအပိုင်းအနေနဲ့လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အမျိုးသားကင်ဆာ ရောဂါကာကွယ်နှိမ်နင်းရေး စီမံချက် ရေးဆွဲပြီး ဆောင်ရွက်လျက်ရှိပါတယ် ”ဟု ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်ကံကောင်းက ပြောသည်။
ယနေ့နှီးနှောဖလှယ်ပွဲကို မြန်မာနိုင်ငံတွင် ကင်ဆာရောဂါ ဖြစ်ပွားမှုနှင့် သေဆုံးနှုန်းကို သိရှိရန်၊ ယနေ့ကျန်းမာရေးစနစ်၏ ကင်ဆာရောဂါကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးစွမ်းရည်များကို သိရှိနားလည်နိုင်စေရန်၊ ကင်ဆာရောဂါမဖြစ်ပွားရေး ဦးဆောင်နေကြသော အဖွဲ့အစည်းများ၊ အစိုးရဌာနများ၊ အစိုးရမဟုတ်သောအဖွဲ့ အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရေးနှင့် အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်နိုင်ရန်၊ ကင်ဆာနှင့် မကူးစက်နိုင်သော ရောဂါများ ကာကွယ်တားဆီးရေးဆိုင်ရာမူဝါဒများ တိုးတက်ကောင်းမွန်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
မျိုးသူဟိန်း


