နေပြည်တော် ၁၉ မေ
“ရိုးရာယဉ်ကျေးမှု အစဉ်အလာများ၏ အနာဂတ်အရေး၊ပြတိုက်များက ဗဟိုပြုဖော်ဆောင်ပေး”(Museum as Culture Hubs;the Future of Tradition) ဆိုသည့် ဆောင်ပုဒ်ဖြင့် ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အမျိုးသားပြတိုက်(နေပြည်တော်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သဘာဝနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရန်နှင့် ဒြပ်ရှိနှင့် ဒြပ်မဲ့ယဉ်ကျေးမှုများကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်မှု တိုးမြှင့် ဆောင်ရွက်ရန်အတွက် ကမ္ဘာပေါ်ရှိ ပြတိုက်များနှင့် ပြတိုက်ဝန်ထမ်းများ စုစည်းပါဝင်သည့် အပြည်ပြည်ဆိုင်ရာပြတိုက်များကောင်စီ (Internaitonal Council of Museums-ICOM) ကို ၁၉၄၆ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ပြတိုက်များကောင်စီသည် လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရန်၊ ယဉ်ကျေးမှုများ အပြန်အလှန်ဖလှယ်ရန်၊ လူ့အဖွဲ့အစည်းအတွင်း အပြန်အလှန် ပိုမိုနားလည်စေရန်နှင့် ငြိမ်းချမ်းစွာ ပူးပေါင်းဆောင်ရွက်မှုအရေးပါကြောင်း သတိပြုမိစေရန် ရည်ရွယ်ပြီး မေ ၁၈ ရက်ကို အပြည်ပြည်ဆိုင်ရာပြတိုက် များနေ့အဖြစ် သတ်မှတ်ပြီး အခမ်းအနားများ ကျင်းပလျှက်ရှိသည်။
အခမ်းအနားတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က အပြည်ပြည်ဆိုင်ရာပြတိုက်များကောင်စီသည် ရှေးဟောင်းပစ္စည်းတရားမဝင် ကူးသန်းရောင်းဝယ်မှုကို ဆန့်ကျင်တိုက်ဖျက်လာသည့် အပြင် ၂၀ဝ၂ ခုနှစ်တွင် သဘာဝနှင့်လူသားများ၏ ဘေးအန္တရာယ်မှ ကာကွယ် တားဆီးရေး Museum Emergency Program(MEP) အစီအစဉ်ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ International Council of the Blue Shield (ICBS)နှင့်လည်း ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယခုအခါ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၄၁ နိုင်ငံ၊ အဖွဲ့ဝင်ပြတိုက်ပေါင်း ၁၇၀ဝ၀၊ ပြတိုက်ပညာရှင်အဖွဲ့ဝင် ၄၀ဝ၀ဝ၊ အမျိုးသားအဆင့်ကော်မတီ ၁၁၉ ခုနှင့် နိုင်ငံတကာအဆင့်ကော်မတီ ၃၀ ခုရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၆ ခုနှစ်တွင် အဖွဲ့ဝင် ဖြစ်လာပြီး အပြည်ပြည်ဆိုင်ရာ ပြတိုက်များကောင်စီက သတ်မှတ်ထားသည့် ပြတိုက်များဆိုင်ရာကျင့်ဝတ်များကို လိုက်နာဆောင်ရွက်လျက်ရှိပါကြောင်း။
ပြတိုက်များသည် အမွေအနှစ်ပစ္စည်း၊ ပြသပစ္စည်းများကို လူသားမျိုးနွယ် အကျိုးအတွက် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပေး ရန် တာဝန်ရှိပြီး အကျိုးအမြတ် ရရှိရန်အတွက် တရားမဝင်ရောင်းဝယ်ဖောက်ကားမှုများကို ရှောင်ရှားရမည်ဖြစ်ကြောင်း၊ ပြသပစ္စည်းစုဆောင်းရာတွင် ဥပဒေနှင့်အညီ စုဆောင်း ရန်လိုအပ်ပါကြောင်း၊ စုဆောင်း ပြီးပစ္စည်းများကိုလည်း စနစ်တကျထိန်းသိမ်း ရန်လိုအပ်ပါကြောင်း၊ ခင်းကျင်း ပြသမှု ပုံစံကို အများပြည်သူအား ဆွဲဆောင်နိုင်စေရန် တီထွင်ကြံဆဆောင်ရွက် ရန်လိုအပ်ပါ ကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို အနာဂတ်ကာလအထိ ရေရှည် တည်တံ့စေရေးအတွက် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ပြတိုက်များက ကာကွယ် ထိန်းသိမ်း စောင့်ရှောက်ရန် မှာကြားလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယ ညွန်ကြားရေးမှူး ဒေါက်တာသိန်းလွင်က အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့နှင့် စပ် လျဉ်း၍ ရှင်းလင်းတင်ပြသည်။
၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့အထိမ်းအမှတ်အဖြစ် စကားဝိုင်း ဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများကို British Council နှင့်ပူးပေါင်း၍ အမျိုးသားပြတိုက် (နေပြည်တော်)၌ မေ ၁၉ မှ ၂၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အေးအေးသန့်