ရန်ကုန် ၇ ဇွန်
မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသော ၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့ အထိမ်းအမှတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်းရှိ အားကစားနှင့် ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (ကိုယ်စား) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကား ပြောကြားရာတွင် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့သည် နှစ်စဉ်ဇွန်လ ၂၃ ရက်ဖြစ်ကြောင်း၊ ၁၈၉၄ ခုနှစ်၊ ဇွန်လ ၂၃ ရက်မှ စတင်၍ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီကို စတင်ဖွဲ့စည်းခဲ့ပြီး နှစ်စဉ်အဆိုပါ ဇွန်လ(၂၃)ရက်ရောက်တိုင်း အိုလံပစ်အဖွဲ့ဝင် အသီးသီးတွင် အိုလံပစ်နေ့ အထိမ်းအမှတ်အဖြစ် အားကစား လှုပ်ရှားမှုများပြုလုပ်ခဲ့ကြောင်း၊ အိုလံပစ်နေ့ အထိမ်းအမှတ် လူထုစုပေါင်း လမ်းလျှောက်ပွဲများကို (၂၃.၆.၂၀၁၉) ရက်(တနဂငေ်္နွနေ့) နံနက်(၆)နာရီ အချိန်တွင် ရန်ကုန်မြို့၊ ကျိုက္ကဆံ အနောက်မြင်းပြိုင်ကွင်းရှိ ဂိတ်အမှတ်(၉)မှ လက်ယာရစ် ပတ်၍ ဂိတ်အမှတ်(၁)သို့ ပြန်လည် ဝင်ရောက်ကာ စုပေါင်းလမ်းလျှောက်ပြီး Physical Fitness Dance လေ့ကျင့်ခန်းများကို ပြုလုပ်မည်ဖြစ်ကြောင်း၊ အိုလံပစ်နေ့အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများကို နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် သက်ဆိုင်ရာ အဖွဲ့ချုပ်များနှင့်ဆက်သွယ်၍ ကျင်းပသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဌာနခွဲများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များက လူထုစုပေါင်းလမ်းလျှောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မိမိတို့ အခန်းကဏ္ဍအလိုက် လုပ်ဆောင်ရမည်ကို ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်အသီးသီးမှ အိုလံပစ်နေ့ အထိမ်းအမှတ်ပြိုင်ပွဲ ကျင်းပမည့် အခြေအနေနှင့် လူထုစုပေါင်း လမ်းလျှောက် ပြိုင်ပွဲတွင် ပူးပေါင်းဆင်နွှဲရေး ကိစ္စရပ်များကို တင်ပြကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အား/ကာ


