နေပြည်တော် ၂၉ မေ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အား ဦးစီဌာနသည် ၂၀၁၉ ခုနှစ်၊ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အားလုံး၌ နမူနာကောက်ကွက်များ ရွေးချယ်သတ်မှတ်ကောက်ယူသွားမည်ဖြစ်သည်။
၂၀၁၉ ခုနှစ်၊ ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းအား ကြိုတင်ပြင်ဆင်ခြင်း၊ စာရင်းကောက်ယူခြင်း၊ စာရင်းပြုစုခြင်း၊ ဆန်းစစ်ခြင်းနှင့် အစီရင်ခံစာပြုစုထုတ်ပြန်ခြင်းဟူ၍ အဆင့်(၄)ဆင့်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်အဆင့် ကိုယ်စားပြုသော စာရင်းအင်းအချက်အလက်များ၊ အညွှန်းကိန်းများရရှိစေရေးအတွက် နှစ်လွှာဆင့် နမူနာကောက်နည်း (Two- Stage Stratified Sample Design) ကိုအသုံးပြု၍ တစ်နိုင်ငံလုံး၌ နမူနာကောက်ကွက် (၄၂၀ဝ) ကောက်ယူရန် လျာထားဆောင်ရွက်လျက်ရှိသည်။ ယခုအခါ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် တိကျမှန်ကန်သည့်စာရင်းများ ရရှိနိုင်ရန်နှင့် မြေပြင်ပေါ်၌ လက်ရှိအခြေအနေများနှင့် ကိုက်ညီရန်အတွက် ၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်းတွင် အသုံးပြုခဲ့သည့် စာရင်းကောက်ကွက်နယ်နိမိတ်များကို အခြေခံ၍ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ရွေးချယ်သတ်မှတ်သည့် နမူနာစာရင်းကောက်ကွက်များတွင် Arc GIS Software ကိုအသုံးပြု၍ Google Map ပေါ်တွင် အဆောက်အအုံအား Digitizing ပြုလုပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီးရရှိလာသည့် Google Map များမှ စာရင်းကောက်ကွက်မြေပုံများအား သက်ဆိုင်ရာဒေသများသို့ ကွင်းဆင်း၍ စာရင်းကောက်ကွက်မြေပုံများ Update ပြုလုပ်ခြင်းနှင့် အဆောက်အအုံစာရင်း တင်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရနှင့် ဒက္ခိဏခရိုင်အတွင်းရှိ မြို့နယ်(၈)မြို့နယ်၏ နမူနာစာရင်းကောက်ကွက် (၁၁၆) ကွက်တွင် Digitizing ပြုလုပ်ထားသည့် စာရင်းကောက်ကွက်မြေပုံများဖြင့် လက်တွေ့ကွင်းဆင်း၍ မြေပုံ Update ပြုလုပ်ခြင်းနှင့် အဆောက် အအုံစာရင်းတင်ခြင်းလုပ်ငန်းကို ဧပြီ (၁) ရက်မှ (၁၀) ရက်အထိ ဝန်ထမ်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီးဖြစ်သည်။
ထို့ပြင် ယင်းလုပ်ငန်းများကို ချင်းပြည်နယ်၊ ဟားခါး၊ ဖလမ်းနှင့် မင်းတပ်ခရိုင်တို့အတွင်းရှိ မြို့နယ်(၉) မြို့နယ်၏ နမူနာစာရင်းကောက်ကွက် (၉၈) ကွက်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်၊ ဖျာပုံ၊ မအူပင်၊ မြောင်းမြ၊ လပွတ္တာနှင့် ဟင်္သာတခရိုင်တို့အတွင်းရှိ မြို့နယ် (၂၆) မြို့နယ်၏ နမူနာ စာရင်းကောက်ကွက် (၄၈၇) ကွက်တို့တွင် မေ (၁) ရက်မှ (၃၀) ရက်အထိလည်းကောင်း၊ ကရင်ပြည်နယ် ဘားအံ၊ ဖာပွန်၊ မြဝတီနှင့် ကော့ကရိတ်ခရိုင်တို့အတွင်းရှိ မြို့နယ် (၇) မြို့နယ်တို့၏ နမူနာစာရင်းကောက်ကွက် (၁၈၃)ကွက်နှင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်၊ မြိတ်နှင့် ကော့သောင်းခရိုင်တို့အတွင်းရှိ မြို့နယ်(၁၀)မြို့နယ်၏ နမူနာစာရင်းကောက်ကွက် (၁၄၆) ကွက်တို့တွင် မေ (၂၄) ရက်မှ ဇွန် (၁၆) ရက်အထိလည်းကောင်း ဝန်ထမ်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
လက်တွေ့ကွင်းဆင်း ဆောင်ရွက်ရန်ကျန်ရှိသော တိုင်းဒေသကြီး/ ပြည်နယ်များ၏ စာရင်းကောက်ကွက်မြေပုံများတွင် Digitizing ပြုလုပ်သည့်လုပ်ငန်းစဉ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ကွင်းဆင်းဆောင်ရွက်ပြီးဖြစ်သည့် စာရင်းကောက်ကွက်မြေပုံများကို ပြန်လည်ပြင်ဆင်ဖြည့်စွတ်ခြင်း၊ သတ်မှတ်ပုံစံဖြင့် စာရင်းကောက်ကွက်မြေပုံများ ထုတ်လုပ်ခြင်း စသည့်လုပ်ငန်းများကို ပြည်သူ့အင်အားဦးစီးဌာနရုံးချုပ်၌ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
