နေပြည်တော် ၂၈ ဇူလိုင်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးအချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ ၂၀၁၉ခုနှစ် ပေါင်းလောင်းတမံအရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုစီမံချက်အား ညှိနှိုင်းဆွေးနွေးခြင်းကို ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာအုပ်စု၊ ပေါင်းလောင်းရေလှောင်တမံ ရှင်းလင်းဆောင်၌ ဇူလိုင်လ ၂၈ ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
ဆွေးနွေးပွဲအခမ်းအနားတွင် ဆည်မြောင်းနှင့် ရေအသုံးအချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ၊ တည်ဆောက်ရေး (၅) မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်သီဟမှ ပေါင်းလောင်းရေလှောင်တမံဆိုင်ရာ အချက်အလက်နှင့် တမံအရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှု စီမံချက်ရေးဆွဲခြင်းနှင့်ပတ်သက်၍ ဆွေးနွေး တင်ပြခဲ့ပြီးနောက် တည်ဆောက်ရေး(၅) မှ ဦးစီးအရာရှိ ဦးမျိုးမင်းသန့်မှ ပေါင်းလောင်းရေးလှောင်တမံ အရေးပေါ်အခြေအနေကြိုတင်စီမံခန့်ခွဲမှု စီမံချက်အား အရေးပေါ်အခြေအနေအဆင့် (၃)ဆင့်ဖြင့် ရှင်းလင်းတင်ပြရာတွင် အရေးပေါ်အခြေအနေ(အဆင့်-၁) တွင် ရေပိုလွှဲမှ ရေစတင်ကျော်သည်နှင့် အရေးပေါ်အခြေအနေ အဆင့်(၁) အဖြစ်သတ်မှတ်ခြင်းဖြစ်ပြီး ပြည်သူများသို့ဆက်သွယ်အသိပေးသွားမည်ဖြစ်ပြီး အများပြည်သူများမြင်သာသောနေရာနှင့် ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် အစိမ်းရောင်အလံ လွှင့်ထူသွားမည်ဖြစ်ကြောင်း၊ အရေးပေါ်အခြေအနေ (အဆင့်- ၂) တွင် ရေပိုလွှဲမှ ရေကျော်မှုဆက်လက်မြင့် တက်လာပြီး မူလဒီဇိုင်းပြုသတ်မှတ်ထားသည့် Maximum High Flood Level သို့ရောက်ရှိကာ တမံအောက်ဘက်ဒေသများ ရေကြီးမှုအခြေအနေများဖြစ်ပေါ်လာနိုင်ခြင်းကို ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများတွင် အဝါရောင်အလံလွှင့်ထူခြင်းနှင့် အသံချဲ့စက်ဖြင့် လှည့်လည်ကြေငြာခြင်းများဆောင်ရွက်မည်ဖြစ် ကြောင်းနှင့် အရေးပေါ်အခြေအနေ(အဆင့်-၃) တွင် ရေပိုလွှဲမှ မူလဒီဇိုင်းပြုသတ်မှတ်ထားသည့် Maximum High Flood Level ထက်ကျော်လွန်ပြီး ရေပိုလွဲအဆောက်အအုံ ကျိုးပေါက်ပျက်စီးစေနိုင်သည့် အခြေအနေဖြစ် ပေါ်လာပါက ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများတွင် အနီရောင်အလံလွှင့်ထူခြင်းနှင့် အသံချဲ့စက်ဖြင့် လှည့်လည်ကြေငြာခြင်းများဆောင်ရွက်မည်ဖြစ်ကြောင်းရှင်းလင်း တင်ပြခဲ့ရာ တက်ရောက်လာသည့် မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများနှင့် ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ ဆွေးနွေးမေးမြန်းချက် ကို ပြန်လည်ဖြေကြားပေးခဲ့သည်။
ထို့နောက် တည်ဆောက်ရေး (၅) မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်သီဟမှ အရေးပေါ်အခြေအနေ သတ်မှတ်ခြင်းအလံများအား ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးများထံသို့ပေးအပ်ခဲ့ပြီး နောက် တက်ရောက်လာသူများအား ရေပိုလွှဲမှ ရေကျော်အဆင့်သတ်မှတ်ချက်များအား လိုက်လံရှင်းလင်း ပြောကြားခဲ့သည်။ အခမ်းအနားသို့ ဇေယျာသီရိမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ တည်ဆောက် ရေး (၅) မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်သီဟ၊ လယ်ဝေးမြို့နယ်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်ကျော်နှင့် ဌာနဆိုင်ရာများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။
MDN


