နေပြည်တော် ၁၅ မေ
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်လုပ်ကိုင်နိုင်သူ တစ်ဦးချင်းဝင်ငွေ တိုးပွားစေရေးအတွက် ရည်ရွယ်၍ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် ပြည်ပသို့ တရားဝင်စေလွှတ်ခြင်းနှင့် ပြည်တွင်း အလုပ်အကိုင်များ ရှာဖွေပေးခြင်းတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြည်တွင်းအလုပ်အကိုင် ရရှိရေးကို ဦးစားပေးဆောင်ရွက်ပေးခဲ့ပြီး သင့်တော်ကောင်းမွန်သည့် အလုပ်အကိုင်များ ရရှိစေရေးနှင့် အလုပ်ရှင်များအတွက်လည်း အလုပ်သမား လုံလောက်စွာ ခန့်အပ်ထားရှိရန် အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံးများတွင် Labour Exchange Management System ဖြင့် Online မှဆောင်ရွက်ပေးခြင်းတို့အား လုပ်ဆောင်လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်း ပြည်ထောင် စုနယ်မြေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် အလုပ်ရရှိမှု အခြေအနေမှာ အစိုးရ အလုပ်အကိုင် (၁၄၂၇) ဦး၊ ပုဂ္ဂလိက အလုပ်အကိုင် ၂၂၆၂၁ ဦး၊ စုစုပေါင်း၂၄၀၄၈ ဦးကို အလုပ်အကိုင် ရှာဖွေပေးနိုင်ခဲ့သည်။
၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်း နိုင်ငံအလိုက် ပြည်ပအလုပ်အကိုင် ရရှိမှုအနေဖြင့် မလေးရှား နိုင်ငံသို့ ၄၄၁၆ ဦး၊ စင်ကာပူနိုင်ငံသို့ ၆၁ ဦး၊ ကိုရီးယားနိုင်ငံသို့ ၄၄၇ ဦး၊ ထိုင်းနိုင်ငံသို့ ၁၅၄၁၁ ဦး၊ ဂျပန်နိုင်ငံသို ၃၀၇ ဦး၊ ယူအေအီးသို့ ၆၁ ဦး၊ ကာတာနိုင်ငံသို့ ၃ ဦး၊ ဂျော်ဒန်နိုင်ငံသို့ ၆၀ ဦး စုစုပေါင်း ၂၀၇၆၆ ဦးကို အလုပ်အကိုင် ရှာဖွေပေးနိုင်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)