မြဝတီ ၂ ဒီဇင်ဘာ

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေး ရန်ပုံငွေဖြင့် ဆောင်ရွက်ရန် ရပ်ကွက်၊ ကျေးရွာများက အဆိုပြုလာသည့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းများအား ယမန်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သည့် ဦးသန့်ဇင်အောင်နှင့် ဦးအိုက်ကျန်ခမ်း၊ မြဝတီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုနှင့် ဌာနဆိုင်ရာများက  ကွင်းဆင်းစစ်ဆေးခဲ့သည်။

 

မြဝတီမြို့နယ်အတွင်းရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများမှာ မြဝတီမြို့ရှိ အမှတ်(၁)ရပ်ကွက် အာဇာနည်ပန်းခြံကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် အမှတ်(၄) ရပ်ကွက်၊ ပြည်ခိုင်ဖြိုးလမ်းရှိ ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်းရှေ့ သံဖရိန်အမိုးတည်ဆောက် ခြင်းလုပ်ငန်း၊ မြဝတီမြို့နယ် အတွင်းရှိ ပေါလောကျေးရွာအုပ်စု ပေါလောကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်း ခြင်းလုပ်ငန်း၊ မဲ့ပလဲ့ကျေးရွာအုပ်စု ထီးချားရားကျေးရွာတွင်း ကျောက်ရောမြေသားလမ်း ခင်းခြင်းလုပ်ငန်း၊  ဖားကလူကျေးရွာအုပ်စု တာအုပ်ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊  ဝှေ့ရှမ်းကျေးရွာအုပ်စု အမှတ် (၆)ရပ်ကွက်နှင့် အမှတ်(၇) ရပ်ကွက်ချိတ်ဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊   ထီးဝါပလော ကျေးရွာအုပ်စု ထီးဝါပလောကျေးရွာရှိ ဘေးမဲ့ဘုန်းတော်ကြီးကျောင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊   ဝေါလေမြိုင်မြို့ အမှတ်(၂)ရပ်ကွက် ဆိုလာစနစ်ဖြင့် ချောင်းရေတင်ခြင်းလုပ်ငန်းနှင့် ရေစင်၊ ရေစစ်ကန် တည်ဆောက်ခြင်းလုပ်ငန်း၊   စုကလိမြို့ အမှတ် (၁) ရပ်ကွက်ရှိ ဒီဇယ်ဓာတ်အားပေးစက် မောင်းနှင်ခြင်း လုပ်ငန်းအတွက် (၆)လစာ ကုန်ကျမည့် စက်သုံးဆီထောက်ပံ့ခြင်းလုပ်ငန်းနှင့် မြဝတီမြို့နယ် ဝေါလေမြိုင်မြို့ အမှတ်(၂)ရပ်ကွက် (၁၇၆) ရက်အတွက် ဒီဇယ်ဆီတင်ပြတောင်းခံခြင်း လုပ်ငန်းများ ဖြစ်သည်။

 

အဆိုပါလုပ်ငန်းများအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှု လျှော့ချရေးရန်ပုံငွေကျပ်သိန်း ၁၀၀၀ ဖြင့်  ဆောင်ရွက်မည့်ဖြစ်ကြောင်း သိရသည်။

မန်းသန်းရွှေမြင့်