ဆော ၂၇ နိုဝင်ဘာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး တာဝန်ယူဆောင်ရွက်မည့် ကုမ္ပဏီများမှ လုပ်ငန်းချပြဆွေးနွေးပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၆ ရက်နေ့ နံနက် ၁၁ အချိန်က ဆောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်မင်းထွန်းတို့မှ အဖွင့်အမှာစကား ပြောကြားပြီး၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်မှ ယခုဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စပ်လျဉ်းပြီး တာဝန်ယူဆောင်ရွက်ရမည့် ကုမ္ပဏီများအနေဖြင့် လုပ်ငန်းအရည်အသွေး ပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် လုပ်ငန်းဆောင်ရွက်စဉ် ကာလအတွင်း သက်ဆိုင်ရာမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းစစ်ဆေးရေးကော်မတီအဖွဲ့နှင့် ချိတ်ဆက်ဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ဆောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြစန်းလင်းမှ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ဆောမြို့နယ်အတွင်း ဆောင်ရွက်မည့် ကျေးလက်ကုန်ထုတ်လမ်း (၂)ခု၊ ရေပေးရေးလုပ်ငန်း (၅)ခုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်တွေကို ရှင်းလင်းတင်ပြခဲ့ပါသည်။ အဆိုပါ အခမ်းအနားကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင်၊ အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထင်လင်း၊ အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်မြင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်မင်းထွန်း၊ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှ တာဝန်ရှိသူများ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက တက်ရောက်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မြစန်းလင်းထံမှ သိရသည်။
နော်သူလင်း(ဆော)


