နေပြည်တော် ၂၇ သြဂုတ်
၂၀၂၀-၂၀၂၁ ခုနှစ်၊ ငါးမဖမ်းရရာသီ၊ ငါးမဖမ်းရဧရိယာ သတ်မှတ်ခြင်းနှင့် ပင်လယ်ငါးလုပ်ငန်းဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ်(၃၆)၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ လွှတ်တော်ရေးရာကော်မတီများမှ တာဝန်ရှိသူများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တပ်မတော်(ရေ)နှင့် မြန်မာနိုင်ငံရေကြောင်း ရဲတပ်ဖွဲ့မှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ ကမ်းရိုးတန်းဒေသ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ ငါးလုပ်ငန်းဦးစီးဌာနမှူးများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက မြန်မာ့ပင်လယ်ငါး လုပ်ငန်းရေပြင်အတွင်း နော်ဝေနိုင်ငံ Dr. Fridtjof Nansen ၏ သုတေသနပြု လေ့လာတွေ့ရှိချက်များအရ ဖမ်းဆီးခွင့်ပြုနိုင်မှုမှာ မက်ထရစ်တန်(၁)သိန်း ဖြစ်သော်လည်း လက်ရှိတွင် တန်ချိန်(၃)သန်းနီးပါး ဖမ်းဆီးထုတ်လုပ်နေခြင်း၊ FAO နှင့် World Bank တို့၏ ရေငန်ငါးဖမ်းဆီးထုတ်လုပ်မှုအပေါ် သုံးသပ်တင်ပြချက်များအရ ငါးအလွန်အကျွံ ဖမ်းဆီးထုတ်လုပ်နေခြင်းတို့ကြောင့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထိန်းသိမ်းဆောင်ရွက်သွားရန်နှင့် ငါးသယံဇာတမပြုန်းတီးရေးကို ဝိုင်းဝန်းထိန်းသိမ်းကြရန် လိုအပ်ကြောင်း၊ ငါးလုပ်ငန်းများ စီမံခန့်ခွဲရာတွင် နိုင်ငံတကာအဖွဲ့အစည်းများ ဒေသဆိုင်ရာအဖွဲ့ အစည်းများ၌ အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ဆောင်ရွက်ထားသည်နှင့်အညီ ယင်းအဖွဲ့အစည်းများ၏ ကတိကဝတ် စည်းမျဉ်းများကို လိုက်နာဆောင်ရွက်လျက်ရှိရာ တရားမဝင်ငါးဖမ်းဆီးမှု တိုက်ဖျက်ရေး Combat IUU Fishing ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို အကောင်အထည်ဖော် ဆောင်ရွက်သည့်အနေဖြင့် ငါးဖမ်းရေယာဉ် စောင့်ကြည့်ထိန်းချုပ်ရေးစနစ် VMS ကို ကျင့်သုံး ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ထို့အပြင် Safety at Sea ပင်လယ်ပြင်တွင် ဘေးကင်းလုံခြုံရေး စည်းကမ်းသတ်မှတ်ချက်များ၊ ILO ကချမှတ်ထားသည့် ငါးလုပ်ငန်းကဏ္ဍတွင် အလုပ်လုပ်ကိုင်ခြင်းဆိုင်ရာ ပြဌာန်းချက အမှတ် 188 (Convention concerning work in Fishing Sector) နှင့် တိုက်တွန်းချက် Recommendation 199 တို့ကိုလည်း လိုက်နာဆောင်ရွက်ရန် ငါးလုပ်ငန်းဦးစီးဌာနက လိုအပ်သည့် စည်းမျဉ်းစည်းကမ်းများကို ချမှတ်ဆောင်ရွက်သွားရမည ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်က ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ် ငါးဖမ်းရာသီများ၌ ငါးဖမ်းရေယာဉ်များကို ရာခိုင်နှုန်းပြည့် ငါးမဖမ်းရရာသီ၊ ငါးမဖမ်းရ ဧရိယာသတ်မှတ် ဆောင်ရွက်ခဲ့ခြင်းအတွက် ရလာဒ်ကောင်းများ ရရှိခဲ့ပါကြောင်း၊ အာဆီယံဒေသတွင်းရှိ နိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နန်နိုင်ငံတို့ကို ဥရောပသမဂ္ဂက Yellow Card ပြသအရေးယူသည့် ဖြစ်စဉ်များရှိခဲ့သဖြင့် ငါးဖမ်းစွမ်းအားစု ငါးဖမ်းလှေများ တိုးမြှင့်ပေးရန် အခက်အခဲရှိပါကြောင်း ပြောကြားသည်။
ယနေ့အစည်းအဝေးတွင် လွှတ်တော်ရေးရာကော်မတီများမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာနှင့် ငါးလုပ်ငန်းဆိုင်ရာအသင်းအဖွဲ့ တာဝန်ရှိသူများက ၂၀၂၀-၂၀၂၁ခုနှစ် ငါးမဖမ်းရရာသီ၊ ငါးမဖမ်းရဧရိယာ သတ်မှတ်ခြင်းနှင့် ပင်လယ်ငါးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးခဲ့ကြသည်။
မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်အတွင်း ငါး၊ ပုစွန်သယံဇာတတည်ရှိမှုကို နော်ဝေနိုင်ငံမှ သုတေသနရေယာဉ် Dr. Fridtjof Nansen ၏ ၂၀၁၃ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တို့တွင် သုတေသနပြု တွေ့ရှိချက်များအရ ၁၉၇၉-၁၉၈၀ ခုနှစ်တွင် အမြင့်ဆုံး ငါးဖမ်းဆီး ထုတ်လုပ်နိုင်မှု MSY မှာ တန်ပေါင်း (၁ ဒသမ ၀၅)သန်းရှိရာမှ လက်ရှိတွင် ဖမ်းဆီးခွင့်ပြုနိုင်မှုမှာ တန်ပေါင်း (၀ ဒသမ ၁)သန်းသာဖြစ်ကြောင်း ၊ Dr. Fridtjof Nansen သုတေသန ရေယာဉ်ဖြင့်ပင် ၂၀၁၈ ခုနှစ်တွင် ထပ်မံသုတေသနပြု လေ့လာတွေ့ရှိချက်များအရ ရေပေါ်လွှာ ငါးသယံဇာတမှာ ၁၉၇၉-၈၀ ခုနှစ်တွင် တန်ချိန် (၁)သန်းခန့်ရှိရာမှ ၂၀၁၃-၂၀၁၅ နှင့် ၂၀၁၈ ခုနှစ်များ၏ ရေပေါ်လွှာ ငါးထုထည် ပမာဏမှာ တန်ချိန်(၀ ဒသမ ၁၅၅)သန်းသာ ရှိသဖြင့် (၈၀ ရာခိုင်နှုန်း)ခန့် လျော့နည်းသွားကြောင်း၊ ရေအောက် ငါးမှာ ယခင်က တန်ချိန် (၀ ဒသမ ၇၅)သန်းရှိရာမှ လက်ရှိတွင် တန်ချိန်(၀ ဒသမ ၃၀၆)သန်းသာရှိသဖြင့် (၆၀ ရာခိုင်နှုန်း)ခန့် လျော့နည်းသွားကြောင်း သိရသည်။
သတင်းစဉ်


