နေပြည်တော် ၂၃  သြဂုတ်

 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည်။

ညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများနှင့် နိုင်ငံရေးပါတီ ၈၀ မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံပွဲ၌ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ကော်မရှင်အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရန် ရည်ရွယ်တွေ့ဆုံရခြင်းဖြစ်ပါကြောင်း၊ ဒီမိုကရေစီ ကျင့်သုံးသည့် နိုင်ငံတိုင်းတွင် ရွေးကောက်ပွဲများ ရှိရမည်ဖြစ်ပြီး အများယုံကြည်လက်ခံရန်လည်း လိုအပ်ပါကြောင်း၊ ဒီမိုကရေစီဆိုသည်မှာ  ပြည်သူများက ၎င်းတို့ကိုယ်စား ကိုယ်စားလှယ်များ ရွေးချယ်အုပ်ချုပ်စေခြင်း ဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်လက်ခံမှု၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်း ဖြစ်စေရမည်ဟူသည့် စံ(၅)ချက်နှင့်အညီ သမာသမတ်ကျစွာ စံပြရွေးကောက် ပွဲတစ်ခုအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပွင့်လင်းမြင်သာမှု ရှိစေရန် ပြည်တွင်း/ ပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများကို ဖိတ်ခေါ်သွားမည်ဖြစ်ပါကြောင်း၊  ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရန်မှာ ရွေးကောက်ပွဲ ကော်မရှင်တွင် တာဝန်ရှိသကဲ့သို့ နိုင်ငံရေးပါတီများတွင်လည်း တာဝန်ရှိပါကြောင်း။

နိုင်ငံရေးပါတီများအနေဖြင့် မဲဆွယ်စည်းရုံးရေး ကာလတွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ပါက ဖြစ်ပွားလာနိုင်သည့် ပြဿနာများ လျော့နည်းသွားမည်ဖြစ်ပါကြောင်း၊ လက်ရှိအချိန်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူဦးရေ စာရင်းကောက်ယူခြင်းနှင့် အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းလုပ်ငန်းများကို ကော်မရှင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့ ပူးပေါင်း၍ စီမံချက် ရေးဆွဲဆောင်ရွက် လျက်ရှိပါကြောင်း၊ အဆိုပါစီမံချက်တွင် လူဦးရေစာရင်း အချက်အလက်များ ကောက်ယူပြုစုခြင်းနှင့် စိစစ်ခြင်း၊ အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်း၊ ပြောင်းလဲနေသော လူဦးရေစာရင်းနှင့် အခြေခံ မဲဆန္ဒရှင်စာရင်းများကို လစဉ်ပြုစုခြင်း၊ ပြင်ဆင်ခြင်း၊ ထိန်းသိမ်းခြင်းနှင့်  အခြေခံမဲဆန္ဒရှင် စာရင်းကပ်ထားကြေညာခြင်းဟူ၍ အပိုင်းလေးပိုင်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

လူဦးရေစာရင်း အချက်အလက်များ ကောက်ယူပြုစုခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အဓိကတာဝန်ယူ ဆောင်ရွက်ပေးမည်ဖြစ်ပြီး အချက်အလက်မှန်ကန်မှု ရှိ/မရှိကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနက စိစစ်ပေးမည်ဖြစ်ကြောင်း၊ ကောက်ယူရရှိသည့် စာရင်းများကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက မဲဆန္ဒရှင်စာရင်းအဖြစ် စိစစ်ပြုစုသွားမည်ဖြစ်ကြောင်း၊

မဲဆန္ဒရှင်စာရင်းကို အိမ်ထောင်စုအလိုက်ပြုစု၍ ကပ်ထားကြေညာ ပေးသွားမည်ဖြစ်ပြီး မဲစာရင်း ကပ်ထားကြေညာချိန်တွင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်း သွားရောက်ကြည့်ရှုပြီး ပြင်ဆင် ဖြည့်စွက်၊ ကန့်ကွက်၊ တောင်းဆိုမှုများကို သတ်မှတ်ပုံစံများနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ပြည်သူလူထု ပူးပေါင်းပါဝင်မှသာ ပြည့်စုံမှန်ကန်သည့်မဲစာရင်း ဖြစ်လာမည်ဖြစ်ကြောင်း၊ မဲစာရင်းတွင် မိမိအမည်ပါဝင်မှသာ မဲပေးခွင့်ရရှိမည်ဖြစ်သဖြင့် နိုင်ငံရေးပါတီများအနေဖြင့် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေးနှင့် မိမိတို့၏ မဲဆန္ဒရှင်များ မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် မဲဆန္ဒရှင်များအား တိုက်တွန်းကူညီပေးစေလိုပါကြောင်း။

နိုင်ငံရေးပါတီများအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းရာတွင် ကျား/မတန်းတူ ညီမျှရေးနှင့် အမျိုးသမီးကဏ္ဍ မြှင့်တင်ရေးတို့ကို အကောင်အထည်ဖော်သည့် အနေဖြင့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်းများ ပါဝင်ရေးကို ထည့်သွင်းစဉ်းစား ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ကော်မရှင်အနေဖြင့်လည်း နိုင်ငံရေးနှင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များတွင် အမျိုးသမီးကဏ္ဍ မြှင့်တင်ရေး အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူလူထု အနေဖြင့် social media အသုံးပြုမှု မြင့်မားလျက်ရှိပြီး အမုန်းစကားများနှင့် တိုက်ခိုက်ခြင်း၊ မမှန်ကန်သည့် သတင်းများ ဖြန့်ဝေခြင်းတို့သည် ရွေးကောက်ပွဲအပေါ်တွင် ဆိုးကျိုးများ သက်ရောက်နိုင်သည့်အတွက် နိုင်ငံရေးပါတီများအနေဖြင့် ဝိုင်းဝန်းထိန်းသိမ်း တားမြစ်ပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်က ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် တက်ရောက်လာသော နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၏ အကြံပြုတင်ပြချက်များနှင့် မေးမြန်းချက်များအပေါ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင် အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)