မယ်စဲ့ ၂၃ ဇွန်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် စာရင်းကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်း ဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက်၁၀နာရီက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူးဦးလှမျိုးထွန်းက ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် ရှိ သည့် နိုင်ငံသားများအားလုံး မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် တိကျမှန်ကန်သော မဲဆန္ဒရှင်စာရင်းရရှိစေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦးစံထွန်းအေးက ဌာနမှ ကူညီဆောင်ရွက်ပေးမည့် အချက်များနှင့် လူဦးရေစာရင်း ကောက်ယူရာတွင် သတ်မှတ်ထားသည့် သတ်မှတ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးမှူးဦးဝင်းကျော်မြင့်ဦးက လူဦးရေစာရင်းအချက်အလက်များ ကောက်ယူပြုစုခြင်းနှင့် အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်းတို့နှင့် ပတ်သက်၍ ရှင်းလင်းပို့ချခဲ့သည်။

အဆိုပါသင်တန်းသို့ မြို့နယ်လူဦးရေစာရင်းကောက်ယူရေးလုပ်ငန်းအဖွဲ့မှ အဖွဲ့ဝင်၂၂ ဦးတက်ရောက်ပြီး သင်တန်းကို တစ်ရက်ကြာ သင်ကြားပို့ချခဲ့ကြောင်းသိရသည်။

ဝတ်ရည်(ပြန်/ဆက်)