နေပြည်တော်  ၃  နိုဝင်ဘာ 

၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုကော်မတီ အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင်   ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၌ ကော်မတီဥက္ကဋ္ဌ ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ဦးဆောင်၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အဆိုပါအစည်းအဝေးသို့  ကော်မတီဒုတိယဥက္ကဋ္ဌ   ဒုတိယဝန်ကြီး ဗိုလ်ချုပ် စိုးတင့်နိုင်၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဝန်ကြီးဌာနအသီးသီးမှ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များမှ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချူပ်နှင့် ညွှန်ကြားရေးမှူးချုပ်များ  တက်ရောက်ကြသည်။

အစည်းအဝေးတွင် လုံခြုံရေးဆိုင်ရာစီမံခန့်ခွဲမှုဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် က ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆွယ်စည်းရုံးရေး ကာလ၊ ရွေးကောက်ပွဲကျင်းပစဉ်ကာလနှင့် ရွေးကောက်ပွဲကျင်းပပြီး ကာလများတွင် ဆောင်ရွက်ရမည့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် လုပ်ငန်းစဉ်များကို ဆွေးနွေးပြောကြားသည်။

ထို့နောက် အစည်းအဝေး တက်ရောက်သူများက လူမှုကွန်ရက်များပေါ်၌ သတင်းမှားများ ဖြန့်ဝေနေခြင်းအား တားဆီးနိုင်ရေးကိစ္စ၊ နိုင်ငံတကာမှ ရွေးကောက်ပွဲစောင့်ကြည့်ရန် လာရောက်သူများကိစ္စ၊ အရေးပေါ်စီမံခန့်ခွဲမှု ကော်မတီများ ဖွဲ့စည်းထားရေးကိစ္စတို့နှင့် စပ်လျဉ်း၍  ဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍  ကော်မတီဥက္ကဋ္ဌက  ကော်မတီဝင်များ၏ ဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်