နေပြည်တော် ၁၄ ဇူလိုင်

 

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ပုသိမ်မြို့ရှိ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဧည့်ခန်းမ၌ သွားရောက်တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူတိုင်း မဲပေးနိုင်ရေးအတွက် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တင်ပြထားသည့် မဲစာရင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်များ ဖြည့်သွင်းနိုင်ခြင်း မရှိသေးသည့်စာရင်း၊ ယင်းစာရင်းများအား ပြန်လည်စိစစ်ဆောင်ရွက်ကာ ရရှိလာသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်များ ပြန်လည်ဖြည့်သွင်းနေမှုနှင့် မှန်ကန်သော စာရင်းများရရှိစေရေးအတွက် ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြ ညှိနှိုင်းဆွေးနွေးသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံကာ မဲပေးခွင့်ရှိသည့် လူဦးရေစာရင်းများအရ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် မဖြည့်သွင်းရသေးသူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဝန်ထမ်းများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား အမှန်တကယ်ရရှိကိုင်ဆောင်ခြင်း မရှိသေးသည့် အသက်(၁၈)နှစ်ပြည့်ပြီးသူ တိုင်းရင်းသားများအား ကွင်းဆင်းဆောင်ရွက်ပေးနိုင်ရေး၊ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့် ညှိနှိုင်းပူးပေါင်းကာ မဲစာရင်းများ မှန်ကန်စေရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရေး ရှင်းလင်းပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် တာဝန်ရှိသူများက ယခုအစိုးရအဖွဲ့ စတင်တာဝန်ယူ စဉ်မှစ၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ထမ်းများက သစ္စာစီမံချက်ဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းထုတ်ပေးဆောင်ရွက်ရာတွင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးမှု အခြေအနေများ၊ မဲပေးခွင့်ရှိသူစာရင်းများတွင် နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ်များ ဖြည့်သွင်းရန်ကျန်ရှိနိုင်သည့် အကြောင်းအရင်းများ၊ ယင်းအကြောင်းအရင်းများအရ ပြန်လည်ဖြည့်သွင်းဆောင်ရွက်မည့် အစီအစဉ်နှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်သည် ယနေ့နံနက် ၈ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မြင့်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဧရာရွှေဝါခန်းမ၌ တွေ့ဆုံကာ ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူလူဦးရေစာရင်း၊ ယင်းစာရင်းများတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်များ ဖြည့်သွင်းရန် ကျန်ရှိသည့်စာရင်းများအနက် ကတ်ပြားထုတ်ပေးပြီးဖြစ်သော်လည်း ပျက်စီး/ပျောက်ဆုံးသူများနှင့် ကတ်ပြားအမှတ် မမှတ်မိသူများပါရှိမှု၊ မဲစာရင်းတွင် အမည်စာရင်းပါသူအား ရှာဖွေမေးမြန်းနိုင်ခြင်းမရှိမှု၊ မိသားစုအလိုက် ပြောင်းရွှေ့သွားလာမှု စသည့်အခြေအနေများကြောင့်လည်းကောင်း၊ နိုင်ငံသားစိစစ်ရေကတ်ပြားအား အမှန်တကယ် လျှောက်ထားရရှိမှု မရှိခြင်းကြောင့်လည်းကောင်း၊ ကတ်ပြားအမှတ်များ ဖြည့်သွင်းနိုင်မှုမရှိသည့် အခြေအနေ၊ ယင်းအခြေအနေများကို ခြုံငုံသုံးသပ်ကာ မဲစာရင်းတွင် ပါရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်များ မှန်ကန်ပြည့်စုံစွာ ဖြည့်သွင်းနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်နိုင်ရေး ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မြင့်က တိုင်းဒေသကြီးအတွင်း ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေးခွင့်ရှိသူ လူဦးရေစာရင်း ကွင်းဆင်းကောက်ယူဆောင်ရွက်မှုနှင့် မဲစာရင်းပြုစုမှုအခြေအနေ၊ ယင်းမဲစာရင်းများတွင် အချက်အလက်များ ကောက်ယူဖြည့်သွင်းရာ၌ တွေ့ကြုံရသည့်အခက်အခဲများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ဖော်ပြနိုင်ခြင်းမရှိသည့် အခြေအနေနှင့် ကတ်ပြားအမှတ်ရရှိရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုနှင့် လုပ်ငန်းဆိုင်ရာအခက်အခဲများ၊ မဲစာရင်းကြေညာပြီးနောက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးနှင့် တာဝန်ရှိသူများက မဲစာရင်းပြုစုရာတွင် အချက်အလက်မှန်ကန်ပြည့်စုံစွာ ဖြည့်သွင်းနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

 

ထို့နောက် ဒုတိယဝန်ကြီးက ရှင်းလင်းဆွေးနွေးမှုများအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး မဲပေးခွင့်ရှိသူများ မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် လိုအပ်သည့် နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ်များ အချိန်မီ ပြုစုဖြည့်သွင်းပေးနိုင်ရေးအတွက် အားလုံးတက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရေးကိစ္စတို့ကို ပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်