ဇမ္ဗူသီရိ ၅ နိုဝင်ဘာ
၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီက ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး နေပြည်တော်တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းထွေးက ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပဖို့အတွက် အချိန်နီးကပ်လာပြီဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ညွှန်ကြားထားသည့် ညွှန်ကြားချက်များ၊ လမ်းညွှန်ချက် သတ်မှတ်စံနှုန်းများနှင့်အညီ မဲရုံများအား ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ယနေ့ လိုက်လံစစ်ဆေးခဲ့သည်များ ရှိပါကြောင်း၊ ရွေးကောက်ပွဲကို စံ(၅)ချက်နှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဉပဒေနှင့်အညီ လွတ်လပ်ရမည်၊ တရားမျှတရမည်၊ ပွင့်လင်းမြင်သာမှုရှိရမည်၊ အများပြည်သူယုံကြည်ရမည်၊ မဲဆန္ဒရှင်တွေရဲ့ဆန္ဒနှင့် မဲလက်မှတ်တစ်ထပ်တည်း ကျရမည် ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအနေဖြင့်လည်း မိမိတာဝန်ကျသည့် မြို့နယ်များမှ မဲရုံများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် လမ်းညွှန်ချက်စံနှုန်းများနှင့် ကိုက်ညီမှု ရှိ၊ မရှိကိုလည်း စစ်ဆေးသွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအဖွဲ့ဝင်များ၊ ပြည်ထောင်စု နယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးတို့က သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌက တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးခဲ့သည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် မြို့နယ် (၈)မြို့နယ်၊ ရပ်ကွက် (၅၈)၊ ကျေးရွာအုပ်စု (၁၈၇)ရှိပြီး မဲရုံ စုစုပေါင်း (၆၄၆) ရုံရှိကာ၊ မဲဆန္ဒရှင် စုစုပေါင်း ၉၀၃၀၀၀ ကျော်ခန့်ရှိကြောင်း ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
(မြို့နယ် ပြန်/ဆက်)


