နေပြည်တော် ၂၂  သြဂုတ်

 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် တိုင်းဒေသကြီး/ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းဆိုင်ရာ၊ မဲဆန္ဒရှင် စာရင်းဆိုင်ရာ၊ မဲရုံများ လျာထားသတ်မှတ်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း၊ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ တက်ရောက်ခဲ့ကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် (၇၈)ရက်သာ လိုတော့ကြောင်း၊ ပထမကဏ္ဍအနေဖြင့် မဲစာရင်းကိစ္စအတွက် ပြောလိုပါကြောင်း၊ သြဂုတ် (၁၄)ရက်တွင် ပထမအကြိမ် မဲစာရင်းကပ်ထား ကြေညာခြင်း ပြီးဆုံးခဲ့ပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့များအနေဖြင့် မဲဆန္ဒရှင်ပြည်သူများ၏ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပေးရန် လျှောက်ထားမှုများ လည်း လက်ခံရရှိပြီး ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအလိုက် ဆောင်ရွက်နေကြပြီဖြစ်ကြောင်း၊ မဲစာရင်းတွင် ကျန်ရှိ၍ ပုံစံ(၃)ဖြင့် လျှောက်ထားသူများကို မဲပေးခွင့်ရှိသူဖြစ်က မဲစာရင်းတွင်ဖြည့်သွင်းရန်နှင့် ထပ်မံ မကျန်ရှိ စေရန်၊ ပုံစံ (၄)ဖြင့် ပယ်ဖျက်ရန် တောင်းဆိုထားသည့် မပါဝင်သင့်သူများကို မဲစာရင်းတွင် ပယ်ဖျက်ရန်၊ ပုံစံ (၄−ဂ) ဖြင့်လျှောက်ထားသည့် ပြင်ဆင်ရမည့်အချက်အလက်များကို မှန်ကန်စွာပြင်ဆင်ပေးရန်၊ ပထမအကြိမ် မဲစာရင်း တွင် ပါဝင်ပြီး ဒုတိယအကြိမ် မဲစာရင်းကပ်ထားချိန်တွင် မပါရှိတော့ခြင်းမျိုး မဖြစ်စေရန်တို့ကို  စနစ်တကျ ဆောင်ရွက်ကြရန်လိုကြောင်း၊   ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင်  အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနတို့နှင့်လည်း ပူးပေါင်းဆောင်ရွက်ကြရန်လို ကြောင်း၊  စနစ်တကျ သေချာစစ်ဆေးရန်လိုကြောင်း၊ ဆင့်ကဲဆင့်ကဲ ကြီးကြပ်ဆောင်ရွက်ကြရန်လိုကြောင်း၊ ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာရာတွင် အမှားအယွင်းမရှိအောင် ပြင်ဆင်ဆောင်ရွက်ကြစေလိုကြောင်း။

 

ဒုတိယကဏ္ဍအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခြင်း၊ စိစစ်ခြင်းများကို သက်ဆိုင်ရာခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက ဆောင်ရွက်ပြီးလျှင် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို ကြေညာသွားရမည်ဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် လောင်းစာရင်းများ ကြေညာ ပြီးလျှင် မဲဆွယ်စည်းရုံးခွင့်ပေးရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများအနေဖြင့် သတ်မှတ်ပြဋ္ဌာန်း ထားသည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း။

 

ယခုအခါ အစိုးရ၏ခွင့်ပြုချက်နှင့် နိုင်ငံပြင်ပရောက်ရှိနေသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် လျှောက်ထားသည့် ပုံစံ (၁၅) များကို နိုင်ငံခြားရေးဝန်ကြီးဌာနက ပေးပို့ခဲ့ပြီး၊ ကော်မရှင်မှ စိစစ်လက်ခံ၍ မြို့နယ်များသို့ ပေးပို့ခဲ့ပြီး ဖြစ်ကြောင်း၊  သက်ဆိုင်ရာမြို့နယ်များအနေဖြင့် မဲစာရင်းတွင် ပါဝင်မှု ရှိ/မရှိ၊ မဲပေးခွင့် ရှိ/မရှိ ကို သေသေချာချာ စိစစ်ရန်နှင့် မဲပေးခွင့်မရှိပါက မရှိသည့်အကြောင်းရင်းကို သေချာစွာ မှတ်တမ်းပြုစုထားရန်လိုကြောင်း၊ ကြိုတင်မဲ လက်မှတ်များကို သက်ဆိုင်ရာ မြန်မာသံရုံး၊ အမြဲတမ်းကိုယ်စားလှယ်ရုံးနှင့် ကောင်စစ်ဝန်ရုံးများသို့ သတ်မှတ် ရက်တွင် ပေးပို့နိုင်ရန် ဆောင်ရွက်ကြရန်လိုကြောင်း။

 

ရွေးကောက်ပွဲကျင်းပရန် နီးကပ်လာသည်နှင့်အမျှ လုပ်ငန်းစဉ်များလည်း စဉ်ဆက်မပြတ်ရှိလာနေပြီဖြစ်ကြောင်း၊  မဲလက်မှတ်ရိုက်နှိပ်ရေး၊ မဲရုံများ သတ်မှတ်တည်ဆောက်ရေး၊ မဲရုံသုံးပစ္စည်းများ လုံလုံလောက်လောက်ရရှိရေးနှင့် သက်ဆိုင်ရာမဲရုံများကို အချိန်မီရောက်ရှိရေး၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ ခန့်အပ်ရေး၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်များကို သင်တန်းပေးရေး၊ ပြည်တွင်း၊ ပြည်ပ ကြိုတင်မဲကိစ္စများအားလုံး အဆင်ပြေ ချောမွေ့ပြီး အချိန်နှင့်တစ်ပြေးညီ ပြီးမြောက်ရန် ကြိုတင်စီစဉ် ဆောင်ရွက်ထားရန်လိုကြောင်း။  

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလအတွင်း ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ကျန်းမာရေး စံသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့်ပူးပေါင်း၍  သရုပ်ပြမဲရုံများ ခင်းကျင်းပြီး လိုအပ်ချက်များကို ကြိုတင်စီမံ ဆောင်ရွက်လျက်ရှိကြောင်း၊  သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများကို ညွှန်ကြားချက်များ ထုတ်ပြန်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ကော်မရှင်အဖွဲ့ခွဲများအနေဖြင့်လည်း ညွှန်ကြားချက်များနှင့်အညီဆောင်ရွက်နိုင်ရေး ကြိုတင် စီမံထားရန် လိုမည်ဖြစ်ကြောင်း၊ ရောဂါကာကွယ် တားဆီးနိုင်ရေးအတွက် လိုအပ်သည့် Mask များ၊ Hand Gel များ ဖြန့်ဝေပေးနိုင်ရေးအတွက်လည်း စီမံဆောင်ရွက်နေပါကြောင်း၊  ကော်မရှင်အဖွဲ့ခွဲများအနေဖြင့် မဲရုံများ တည်ဆောက်ရာတွင် ကျယ်ဝန်းသည့်အဝန်းအဝိုင်းဖြစ်ရန်၊ လိုအပ်လျှင် အဆိုင်းများခွဲနိုင်ရန်၊ မဲဆန္ဒရှင်များ တန်းစီရာတွင် လုံလောက်သည့် အကွာအဝေးနေရာဖြစ်ရန် စီမံရမည်ဖြစ်ကြောင်း၊ မဲရုံတစ်ရုံတွင် မဲဆန္ဒရှင် အရေအတွက် ၁၀၀၀ ထက်ပိုနေလျှင် နှစ်ဆိုင်းခွဲရန်နှင့် ၂၀၀၀ အထက်ပိုလျှင် သုံးဆိုင်းခွဲဆောင်ရွက်ရန် လိုမည်ဖြစ် ကြောင်း၊ အဆိုင်းပေါ် မူတည်ပြီး တိုးလာမည့် မဲရုံအဖွဲ့ဝင်ကိုလည်း တွက်ချက်ဆောင်ရွက်ရန်လိုမည်ဖြစ်ကြောင်း။

 

ပြည်တွင်းနှင့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များနှင့် ရွေးကောက်ပွဲလေ့လာသူများကို ခွင့်ပြုထားပြီးဖြစ်ကြောင်း၊ ကော်မရှင်တွင်လည်း လျှောက်ထားမှုများရှိနေပြီး ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာခွင့်ကတ်များ ထုတ်ပေးရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ လာမည့် စက်တင်ဘာလတွင်လည်း ရွေးကောက်ပွဲနေ့တွင် သတင်းမီဒီယာသမားများ သတင်းရယူခွင့်ကို ခွင့်ပြုကြောင်းနှင့် လျှောက်ထားနိုင်ကြောင်းကို ကြေညာချက် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း။

 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို စံ (၅)ချက်နှင့်အညီ စံပြအဖြစ်ကျင်းပနိုင်အောင် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်အနေဖြင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်တိုင်းကို အဆင်ပြေချောမွေ့အောင်စီမံကြရန်နှင့် လိုအပ်ချက်များ ကိုလည်း အချိန်နှင့်တစ်ပြေးညီတင်ပြသွားကြရန် မှာကြားလိုကြောင်း ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီး/ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိ သူများက လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခြင်း၊ စိစစ်ခြင်း၊ မဲဆန္ဒရှင်စာရင်းများ ပြင်ဆင်ဆောင်ရွက်ခြင်း၊ မဲရုံများလျာထား သတ်မှတ်ခြင်းတို့နှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေ များကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ကော်မရှင် အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှတာဝန်ရှိသူများက အကြံပြုဆွေးနွေးခဲ့ကြသည်။  

           

ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။                                    

 

(သတင်းစဉ်)