ရန်ကုန် ၃၁ ဩဂုတ်
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အလိုက် လွှတ်တော်အသီးသီးအတွက် ရန်ကုန်တိုင်းဒေသကြီးမှ ကိုယ်စားလှယ်ပေါင်း ၉၅၀ ဝင်ရောက် အရွေးချယ်ခံမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးမှ ဝင်ရောက်အရွေးချယ်ခံမည့် လွှတ်တော်ကိုယ်စားလှယ်ဦးရေနှင့် ပတ်သက်၍ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင် ဦးကျော်မိုးကြည်က “၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးမှာဆိုရင် ၂၀၁၅ ခုနှစ်ကထက် ပါတီလည်းများ လာသလို ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လည်း များလာတာကိုတွေ့ရပါတယ်” ဟု သုံးသပ်ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲဆန္ဒနယ်အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များမှာ ပြည်သူ့လွှတ်တော်တွင် ၂၉၅ ဦး၊ အမျိုးသားလွှတ်တော်တွင် ၇၀ ဦး၊ တိုင်းဒေသကြီး မဲဆန္ဒနယ် (၁) တွင် ၂၉၅ ဦး၊ မဲဆန္ဒနယ် (၂) တွင် ၂၇၇ ဦး၊ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်းများ အနေဖြင့် ရခိုင်တိုင်းရင်းသား မဲဆန္ဒနယ်တွင် ၆ ဦး၊ ကရင်တိုင်းရင်းသား မဲဆန္ဒနယ်တွင် ၇ ဦးတို့ဖြစ်ပြီး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၉၅၀ ဝင်ရောက်ယှဉ် ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီးအတွင်း ပြည်သူ့လွတ်တော် မဲဆန္ဒနယ် ၄၅ နယ်၊ အမျိုးသားလွတ်တော် မဲဆန္ဒနယ် ၁၂ နယ်၊ တိုင်းဒေသကြီး မဲဆန္ဒနယ်ပေါင်း ၉၀ နယ်တို့တွင် ပါတီပေါင်း ၄၃ ပါတီ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၃၂ ဦး ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အတည်ပြု အမည်စာရင်းကို ဩဂုတ်လ ၃၀ ရက်နေ့တွင် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာ ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် ကပ်ထား ကြေညာပေးပြီးဖြစ်ကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - လင်းညွန့်


