နေပြည်တော် ၁၄ ဩဂုတ်
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်လုပ်ကိုင်နိုင်သူ တစ်ဦးချင်းဝင်ငွေတိုးပွားစေရေးအတွက် ရည်ရွယ်၍ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် ပြည်ပသို့ တရားဝင်စေလွှတ်ခြင်းနှင့် ပြည်တွင်း အလုပ်အကိုင်များ ရှာဖွေပေးခြင်းတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်တွင်းအလုပ်အကိုင်ရရှိရေးကို ဦးစားပေး ဆောင်ရွက်ပေးခဲ့ပြီး သင့်တော် ကောင်းမွန်သည့် အလုပ်အကိုင်များရရှိစေရေးနှင့် အလုပ်ရှင်များအတွက်လည်း အလုပ်သမား လုံလောက်စွာ ခန့်အပ်ထားရှိရန် အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံးများတွင် Labour Exchange Management System ဖြင့် Online မှဆောင်ရွက်ပေးခြင်းတို့အား လုပ်ဆောင်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် လ အတွင်း ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အလုပ်ရရှိမှုအနေဖြင့် အစိုးရအလုပ်အကိုင် ၁၁၈၈ ဦး၊ ပုဂ္ဂလိကအလုပ်အကိုင် ၁၉၉၁၀ ဦး စုစုပေါင်း ၂၁၀၉၈ ဦးကို အလုပ်အကိုင်များ ရှာဖွေပေးနိုင်ခဲ့သည်။
ထို့အပြင် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် လ အတွင်း နိုင်ငံအလိုက် ပြည်ပအလုပ်အကိုင်ရရှိမှု အနေဖြင့် ကိုရီးယား နိုင်ငံသို့ အလုပ်သမား ၂၀ ကို အလုပ်အကိုင် ရှာဖွေပေးနိုင်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)