နေပြည်တော် ၈ စက်တင်ဘာ
၂၀၂၀ ပြည့်နှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
ရှေးဦးစွာ “အနာဂတ်မျှော်တွေး စဉ်ဆက်ပညာရေး” တေးသရုပ်ဖော် ဗီဒီယိုဖြင့်အခမ်းအနားကို ဂုဏ်ပြုဖွင့်လှစ်သည်။
ထို့နောက် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပရေး ဦးစီးကော်မတီနာယက၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့သည် ကမ္ဘာ့ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့ကြီးက ၁၉၆၇ ခုနှစ်မှစ၍ ကျင်းပလာခဲ့သည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ကို မြန်မာနိုင်ငံတွင်လည်း နှစ်စဉ်အစဉ်အလာမပျက် ကျင်းပသည့် အခမ်းအနားဖြစ်ပါကြောင်း၊ ယနေ့ကျင်းပနေသည့် ၂၀၂၀ ပြည့်နှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အချိန်ကာလတွင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့ လျက်ရှိနေဆဲဖြစ်ပါကြောင်း၊ ယခုကိုဗစ်ကမ္ဘာ့ကပ် ရောဂါကူးစက်မြန်သည့် အခြေအနေကြောင့် လက်ရှိစာတတ်မြောက်မှုအခြေအနေ၊ ကျောင်းပညာရေး၊ တစ်သက်တာသင်ယူရေး အခွင့်အလမ်းများတို့ကို စိန်ခေါ်မှုများ ပိုမိုများပြားလာစေပါကြောင်း။
ကမ္ဘာ့ကပ်ရောဂါကြောင့် ကမ္ဘာအနှံ့စာသင်ကျောင်းများ၊ အခြားပညာသင်ယူခွင့်ရသည့် နေရာများပိတ်ထားခဲ့ရပြီး နိုင်ငံပေါင်း ၁၉၀ ကျော်ကပညာသင်ယူနေသူပေါင်း ၁ ဒသမ ၆ ဘီလီယံနီးပါးနှင့် အခြေခံပညာဆရာဆရာမ ၆၃ သန်းခန့်အပေါ် သက်ရောက်မှုရှိခဲ့ပါကြောင်း၊ ကမ္ဘာ့သမိုင်းတွင် အကြီးမားဆုံးသော သင်ယူမှုအခွင့်အလမ်းဆုံးရှုံးမှုကြီးကို ဖြစ်ပေါ်စေခဲ့ကြောင်းကို ကုလသမဂ္ဂကမ္ဘာ့ ပညာရေးအဖွဲ့များ၏ ဆန်းစစ်ချက်များတွင် ဖော်ပြထားပါကြောင်း။
ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် နိုင်ငံပေါင်း ၁၆၅ နိုင်ငံရှိ မူလတန်းကျောင်းသား ၆၃ သန်းတို့သည် လည်းနစ်နာဆုံးရှုံးမှုများနှင့် ကြုံတွေ့လာရပါကြောင်း၊ အဝေးသင်ပညာရေး အစီအစဉ်များသည်လည်း ကလေးငယ်များ၊ လူငယ်များအတွက် ကျောင်းသင်ပညာရေးကဲ့သို့ အရေးပါလာသလို အွန်လိုင်းသင်ယူမှုနှင့် အွန်လိုင်းသင်ခန်းစာများ၊ ပုံနှိပ်ဖြန့်ဝေခြင်းများ၊ တီဗွီ၊ ရေဒီယို စသည့် အသံလွှင့်အစီအစဉ်များနှင့် ဖြစ်နိုင်သည့် သင်ယူမှုအခွင့်အလမ်းများဖြင့် ဖြေရှင်းဆောင်ရွက်လာခဲ့ကြပါကြောင်း။
အထူးသတိပြုသင့်သည်မှာ ယခုလိုသင်ယူမှုဆုံးရှုံးရခြင်း၏ သက်ရောက်မှုကို အလျင်အမြန် တုံ့ပြန်ကုစားမှုမပြုနိုင်ကြလျှင် အနာဂတ်မျိုးဆက်များအပေါ်ပါ ခြိမ်းခြောက်လာနိုင်ပြီး၊ ဆယ်စုနှစ်ချီသည့် ရေရှည်တည်တံ့ခိုင်မြဲ၍ ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုများကိုလည်း ထိခိုက်နစ်နာဆုံးရှုံးမှုများပြား စေနိုင်သည့်အချက်ဖြစ်ပါကြောင်း၊ ယခုလိုစိန်ခေါ်မှုများနှင့်အတူ တဖက်တွင်လည်း သင်ယူရေးနှင့် လေ့ကျင့်ရေးအခွင့်အလမ်းများ ဆက်လက်ဖြစ်ပေါ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ကာလလူနေမှုပုံစံသစ် (New Normal) နှင့်အတူ သင်ယူမှု ပုံစံသစ် (New Learning Model) များကိုလည်း ICT နည်းပညာများ၊ မီဒီယာနည်းပညာများအပေါ် အခြေခံပြီးကမ္ဘာ့နိုင်ငံများနှင့် ပညာရေးအသိုင်းအဝိုင်း တစ်ခုလုံးက တီထွင်ကြံဆဖော် ထုတ်ဖြေရှင်းလာကြသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ သင်ယူမှုပုံစံသစ်များဖြင့် အရည်အသွေးရှိသော ပညာရေးအတွက် စနစ်တကျ ပြန်လည်ကုစားပြီး အရှိန်အဟုန်ဖြင့် စီမံဆောင်ရွက်နေခြင်းနှင့်အတူ “မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေရေး” ရည်မှန်းချက်ကို အောင်မြင်ပေါက်မြောက်စေရေးတို့အတွက် သင်ယူမှုအခွင့်အလမ်းရရှိရန်၊ အခက်အခဲရှိ၍ ထိခိုက်နစ်နာ ဆုံးရှုံးနိုင်သောကလေး၊ လူငယ်များတို့ကို ဦးစားပေးဖြည့်ဆည်းပံ့ပိုးပေးရန်၊ ပြောင်းလဲလာသည့် သင်ယူမှုပုံစံသစ်များအတွက် ဆရာဆရာမများ မွမ်းမံသင်တန်း ဆောင်ရွက်ပေးရန်၊ သင်ယူမှုစဉ်ဆက် မပြတ်ရှိစေရန်နှင့် ပိုမိုကောင်းမွန် လာရန်အတွက် နည်းပညာနှင့် အခြေခံအဆောက်အဦများ စနစ်တကျ ဖြည့်ဆည်းအကောင်အထည်ဖော် ဆောင်ရွက်ရန်တို့ကို အဓိကပိုမိုအလေးထားသင့်ပါကြောင်း၊ ယခုကြုံတွေ့နေရသည့် သင်ယူမှုအခွင့်အလမ်းရရှိရေး အခက်အခဲများတို့ကိုလာမည့် မျိုးဆက်သစ်များ အထိမထိခိုက်စေရေး၊ အားလုံးအတူတူပူးပေါင်း၍ စုပေါင်းအင်အားဖြင့် အလျင်အမြန် ဝိုင်းဝန်းဆောင်ရွက်သင့်ကြောင်းကို ကုလသမဂ္ဂမူဝါဒအစီရင်ခံစာတွင် တိုက်တွန်းထားသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။
ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင် ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်တားဆီးရေး ချမှတ်ထားသည့် လူအုပ်စုမဖြစ်ပေါ်ရေး၊ နှာခေါင်းနှင့် ပါးစပ်တို့ကိုမတ်စ်ခ် လုံခြုံစွာတပ်ဆင်ရေး၊ တစ်ဦးနှင့်တစ်ဦး learning distancing အနည်းဆုံး ၆ ပေခြားရေး၊ ကိုယ်ပူချိန်တိုင်းတာရေး၊ စနစ်တကျ စက္ကန့် ၂၀ ကြာလက်ဆေးရေး စသည်တို့ အပါအဝင် သတ်မှတ်စည်းကမ်းချက်များ၊ ညွှန်ကြားချက်များတို့ကို တိကျစွာလိုက်နာပြီး သင်ယူမှုမဆုံးရှုံးရေး စီမံဆောင်ရွက်ခြင်း၊ နည်းပညာနှင့် အခြေခံအဆောက်အဦများ ဖြည့်ဆည်းပံ့ပိုး၍ ဆန်းသစ်ထိရောက်သော သင်ကြားသင်ယူမှုနည်းလမ်းများဖြင့် စာသင်ခန်းတွင်း၌ ကျောင်းသားဦးရေနည်းနည်းဖြင့် သင်ယူခြင်း (Small group learning)၊ အိမ်တွင် မိဘမိသားစု အကူအညီဖြင့် သင်ယူခြင်း၊ အွန်လိုင်း၊ အော့ဖ်လိုင်း၊ ပေါင်းစပ်သင်ယူခြင်း၊ TV နှင့် Radio ထုတ်လွှင့်မှု အစီအစဉ်များဖြင့် သင်ယူခြင်း၊ ကျောင်းတက်ချိန်ကိုလည်းတစ်ပတ်ခြား၊ တစ်ပတ်ခြားနှစ်သုတ်တက်၊ တစ်ပတ်ခြားနှစ်သုတ် (၃)ရက်တက် စီစဉ်ခြင်းစသည့် သင်ကြားသင်ယူမှုပုံစံသစ်များဖြင့် တန်ဖိုးမဖြတ်နိုင်သော အတွေ့အကြုံများစွာရရှိပြီး ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
ယခုလိုပြောင်းလဲလာသည့် သင်ကြားသင်ယူမှုပုံစံသစ်များနှင့် လိုက်လျောညီထွေ ဆောင်ရွက်နိုင်ရန်အတွက် ဆရာဆရာမများကို သင်ကြားသင်ယူမှုပုံစံသစ်များနှင့် လိုက်လျောညီထွေရှိမည့် သင်ပြနည်းသစ်များကို အသုံးချနိုင်ရေးအတွက် လေ့ကျင့်ပေးရန်၊ လိုအပ်ချက်များသော အခက်အခဲရှိသည့် ဒေသများပိုမိုဖြည့်ဆည်းရန်၊ နည်းပညာနှင့် အခြေခံအဆောက်အဦများ ဖြည့်ဆည်းရန်တို့ကိုလည်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။
ယခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အတွက် ယူနက်စကိုက ထုတ်ပြန်ထားသည့် Literacy teaching and learning in the COVID-19 crisis and beyond – The role of educators and changing pedagogies “COVID-19 ကာလနှင့် အလွန်မှာ၊ ဆန်းသစ်ထိရောက်သော သင်ကြားသင်ယူမှု နည်းလမ်းများအသုံးချလို့၊ စာတတ်မြောက်ရေး ဆောင်ရွက်စို့” ဟူသော ဦးတည်ချက်နှင့်အညီ ကိုဗစ်-၁၉ ကာလနှင့် အလွန်ကာလများတွင် ဆရာဆရာမများအား သင်ကြားသင်ယူမှု နည်းလမ်းသစ်များအတွက် လေ့ကျင့်ပေးခြင်း၊ ပညာရေးအရည်အသွေး ပိုမိုကောင်းမွန်လာစေရန် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းတို့ကို စုပေါင်းအင်အားနှင့် အတူတူအားဖြည့်၍ ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံပါကြောင်း Video Conferencing စနစ်ဖြင့် အမှာစကားပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ ယူနက်စကိုအမျိုးသားကော်မရှင် အထွေထွေအတွင်းရေးမှူး၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်က ၂၀၂၀ ပြည့်နှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ဆိုင်ရာ Concept Note ကို ဖတ်ကြားသည်။
ဆက်လက်၍ ၂၀၂၀ ပြည့်နှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာတတ်မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်မှု ဗီဒီယိုမှတ်တမ်းကို ပြသသည်။
ထို့နောက် “စေတနာပန်းတို့လန်းရာမြေ” ဂုဏ်ပြုတေးသရုပ်ဖော် ဗီဒီယိုပြသ၍ အခမ်းအနားကို ရုတ်သိမ်းလိုက်ကြောင်း သိရသည်။
သတင်းစဉ်


