ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် (၁၇၉ / ၂၀၂၀)

၁၃၈၂ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၉ ရက်

(၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၁ ရက်)

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် Covid-19 ရောဂါထိန်းချုပ်ရေးကာလ မဲဆွယ်စည်းရုံးရာတွင် ကျန်းမာရေးပစ္စည်းများဖြန့်ဝေခြင်းနှင့်စပ်လျဉ်း၍ ကြေညာချက်ထုတ်ပြန်ခြင်း

၁။ လွှတ်တော်အသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံမည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများသည် ရွေးကောက်ပွဲကာလအတွင်း စုဝေး ဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်သည့် ညွှန်ကြားချက်များ၊ Covid-19 ရောဂါကာကွယ် ထိန်းချုပ်ရေးနည်းလမ်းများနှင့် ကျန်းမာရေး စံလုပ်ငန်းလမ်းညွှန် (Standard Operating Procedure - SOP) တို့နှင့်အညီ လိုက်နာဆောင်ရွက်ရန် ဖြစ်သည်။

၂။ ထိုသို့မဲဆွယ်စည်းရုံးရေးဆောင်ရွက်ရာတွင် အဆောက်အဦများအတွင်းနှင့် ပြင်ပနေရာများတွင် သတ်မှတ်ထားသည့်လူဦးရေ အရေအတွက်ဖြင့် စုဝေးမဲဆွယ်ပွဲပြုလုပ်သည့် အခမ်းအနား၌ လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် ရွေးကောက်ပွဲကိုယ်စားလှယ်များက ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များ၊ မျက်နှာအကာ (Face Shield)များ၊ အယ်လ်ကိုဟောပါဝင်သည့် ရေမလို လက်သန့်စင်ဆေးရည်(Hand Sanitizer) များနှင့် လက်အိတ်(Glove)များကို မဲဆန္ဒရှင်များအား ဖြန့်ဝေခြင်းဖြစ်လျှင် ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်းတွင် ထည့်သွင်းဖော်ပြရန် မလိုပါ။

၃။ အထက်ဖော်ပြပါ မဲဆွယ်စည်းရုံးရေးအခမ်းအနားများ၌ ဖြန့်ဝေခြင်းမှအပ လွှတ်တော်ကိုယ်စားလှယ်လောင်း များနှင့် ရွေးကောက်ပွဲကိုယ်စားလှယ်များက အခြားနည်းဖြင့် မဲဆွယ်စည်းရုံးခြင်းနှင့်စပ်လျဉ်း၍ အထက်ပါပစ္စည်းများအတွက် မိမိတို့ကိုယ်တိုင် ပေးချေရသော အမှန်ကျခံသုံးစွဲသည့် ကုန်ကျစရိတ်ဖြစ်လျှင် သက်ဆိုင်ရာ ရွေးကောက်ပွဲနည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့် အညီသတ်မှတ်ထားသည့် ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်းတွင် ထည့်သွင်းသုံးစွဲရမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

(လှသိန်း)

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်