ရန်ကုန် ၁ ဒီဇင်ဘာ
မြန်မာနိုင်ငံကာတွန်းဆရာများအသင်းမှ ကြီးမှူးကျင်းပသော ၂၀၂၀ ပြည့်နှစ် တန်ဆောင်တိုင် အွန်လိုင်းကာတွန်းမီး ထွန်းပွဲတော်ကို ဒီဇင်ဘာ ၁ ရက် ည ၇ နာရီမှစတင်ကာ အသင်း၏ လူမှုကွန်ရက်စာမျက်နှာကို အသုံးပြု၍ ပြသမည်ဖြစ်ကြောင်း သိရသည်။
“ကိုဗစ်ကာလဆိုတော့ လူတွေက အပြင်လည်းထွက်လို့မရဘူး။ ပွဲလမ်းသဘင်လည်း လုပ်လို့မရဘဲ အိမ်ထဲမှာပဲ မွန်းကြပ်နေတဲ့အချိန်မှာ ကျွန်တော်တို့က အွန်လိုင်းကနေ လုပ်ပေးပါ့မယ်။ နှစ်စဉ် လုပ်နေကြ သီတင်းကျွတ်၊ တန်ဆောင်တိုင် ပွင့်လင်းရာသီတွေမှာ လုပ်နေကြ ကာတွန်းမီးထွန်း ပွဲတော်လေးကို ဒီနှစ်မှာတော့ ကိုဗစ်ကာလကြောင့် မလုပ်နိုင်တဲ့အတွက် အွန်လိုင်းကနေ လုပ်ကြမယ်လို့ ကျွန်တော်တို့အမှုဆောင်အဖွဲ့အနေနဲ့ ဆွေးနွေးတိုင်ပင်ပြီး အကောင်အထည်ဖော် လုပ်ဖြစ်သွားတာပါ” ဟု မြန်မာနိုင်ငံ ကာတွန်းဆရာများအသင်း အတွင်းရေးမှူး မောင်မောင်ဖောင်တိန်က ပြောကြားသည်။
၂၀၂၀ တန်ဆောင်တိုင် အွန်လိုင်း ကာတွန်းမီးထွန်းပွဲတော်တွင် အများပြည်သူကြည့်ရှုရန်သင့်တော်၍ ကာတွန်းရသမြောက်သော၊ ကာတွန်းဆရာများ၏ နှစ်သက်ရာ ရေးဆွဲထားသော ကာတွန်းပြကွက် များကို ရွေးချယ်ပြသမည်ဖြစ်ပြီး ကိုဗစ်ကာလတစ်လျှောက် မြန်မာနိုင်ငံကာတွန်းဆရာများအသင်း ၏ ပထမဆုံးကျင်းပသော အွန်လိုင်းပြပွဲဖြစ်ကြောင်း သိရသည်။
ကာတွန်းပြပွဲကို မြန်မာနိုင်ငံကာတွန်ဆရာများအသင်း၏ Facebook Page မှ လွှင့်တင်ပြသမည် ဖြစ်ပြီး ကာတွန်းချစ်သူများအနေဖြင့် ကာတွန်းဆရာများ၏ ကလောင်အမည်နှင့် ရုပ်ပုံကိုတွဲ၍ မြင်ရစေရန် ကာတွန်းဆရာများ၏ မိတ်ဆက်စကားဗီဒီယိုဖိုင်များကိုလည်း ပြသထားမည်ဖြစ်ကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)


