မန္တလေး ၂၉ နိုဝင်ဘာ

လာမည့် ၂၀၂၁-၂၀၂၂ နှစ် ဘဏ္ဍာနှစ်တွင် တောင်သူများ စိုက်ပျိုးမှုများပြားသော စပါးမျိုး ၁၁ မျိုး၏ မျိုးသန့်မျိုးစေ့များကို ဧကပေါင်း သုံးသိန်းကျော် စိုက်ပျိုးနိုင်သည်အထိ ဖြန့်ဝေသွားမည်ဟု စိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှ သိရသည်။

 

တောင်သူများ စိုက်ပျိုးမှုများပြားသည့် မျိုးစေ့များကို ကောင်းမွန်သည့် အနေအထားဖြစ်အောင် မျိုးသန့်စင်ခြင်း လုပ်ငန်းများကို ၂၀၁၇-၁၈ ခုနှစ်တွင် စတင်လုပ်ဆောင်နေကြောင်း သိရသည်။

 

"အခုဆိုရင် စပါးမျိုးစေ့ ၁၁ မျိုးကို RS(မျိုးသန့်မျိုးပွားမျိုးစေ့) အဖြစ်ထုတ်လုပ်နိုင်ခဲ့ပြီးတော့ ဌာနလက်အောက်မှာရှိတဲ့ စိုက်ပျိုးရေးခြံတွေနဲ့ ပုဂ္ဂလိကခြံတွေကို ဖြန့်ဖြူးပေးသွားမှာဖြစ်ပါတယ်"ဟု စိုက်ပျိုးရေး သုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းက ပြောသည်။

 

ရွှေသွယ်ရင်၊ ဆင်းဧကရီ-၃၊ ကျော်ဇေယျ၊ ဆင်းသွယ်လတ်၊ ဧရာမင်း၊ ရတနာတိုး၊ မနောသုခ၊ ဆင်းသုခ၊ ရွှေရင်အေး၊ ပေါ်ဆန်းရင်နှင့် ပေါ်ဆန်းဘေးကြားတို့ကို ဖြန့်ချိပေးသွားမည်ဟု သိရသည်။

ဖြိုးအိ