နေပြည်တော် ဩဂုတ် ၁၂

 

၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သော ပညာရေးဝန်ထမ်းသားသမီးများ ဂုဏ်ပြုဆုချီးမြှင့်သည့် အခမ်းအနားကို ယနေ့နံနက် ၉နာရီတွင် ရုံးအမှတ်(၁၃) ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဆုရကျောင်းသားကျောင်းသူ များ၊ ကျောင်းသားမိဘများ တက်ရောက်ကြသည်။

 

ရှေးဦစွာ ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ် မှစ၍ တက္ကသိုလ်ဝင် စာမေးပွဲများတွင် အောင်မြင်ခဲ့ကြသည့် ပညာရေးဝန်ထမ်းသား သမီးများကို ဂုဏ်ထူး(၁) ဘာသာလျှင် (၁)သိန်းနှုန်း၊ ရိုးရိုးအောင်မြင်သူ တစ်ဦးလျှင် (၅)သောင်းနှုန်း နှစ်စဉ်ဂုဏ်ပြုချီးမြှင့်လျက်ရှိပါကြောင်း၊ ယခင်ပညာရေးဌာနတွင် လက်ရှိ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ၏သားသမီးများကိုသာ ချီးမြှင့်ခဲ့ပြီး ယခုသက်ပြည့် အငြိမ်းစားနှင့် ကွယ်လွန်သူ ပညာရေးဝန်ထမ်းများ၏ သားသမီးများကိုပါ ချီးမြှင့်ပေးမည် ဖြစ်ပါကြောင်း။

 

ယနေ့အခမ်းအနားတွင် (၆)ဘာသာဂုဏ်ထူးရှင်များကိုသာ ဆုချီးမြှင့်မည်ဖြစ်ပြီး ကျန်ရှိသည့် ကျောင်းသားများအတွက် ဆုချီးမြှင့်ငွေများကို သတ်မှတ်နှုန်းထားများအတိုင်း သက်ဆိုင်ရာ ဦးစီးဌာနများနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်များကို လွှဲပြောင်းပေးအပ်သွား မည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ကြသည့် လူငယ်များသည် မိမိတို့စိတ်ဝင် စားသည့် ဘာသာရပ်များကို မှန်ကန်စွာရွေးချယ်ပြီး အဆင့်မြင့်ပညာရပ်များကို ဆည်းပူးရတော့ မည်ဖြစ်ပါကြောင်း၊ လူငယ်များတွင် ခိုင်မာသည့်ရည်မှန်းချက်များ ရှိရမည်ဖြစ်ပြီး ရည်မှန်းချက် များ အကောင်အထည်ဖော်နိုင်ရန် ဇွဲ၊ လုံ့လ၊ ဝိရိယတို့နှင့် တစ်စိုက်မတ်မတ် သင်ယူလေ့လာ ကြရန် မှာကြားလိုပါကြောင်းဖြင့် ပြောကြားသည်။

 

ယင်းနောက် ကျောင်းသားကျောင်းသူများက ပြည်မြန်မာသီချင်းဖြင့် တေးသရုပ်ဖော် ဖျော်ဖြေ တင်ဆက်ကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်၊ ဦးဇော်ဝင်းတို့က ဘာသာစုံဂုဏ်ထူးရှင်များကို ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။

 

ယင်းနောက် ဇမ္ဗူသီရိမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “အသီးတစ်ရာအညှာတစ်ခု”သီချင်းဖြင့် တေးသရုပ်ဖော် ဖျော်ဖြေတင်ဆက် ကြသည်။

 

ဆက်လက်၍ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှုးချုပ်များက ဘာသာစုံ ဂုဏ်ထူးရှင်များအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။

 

ထို့နောက် ဇမ္ဗူသီရိမြို့နယ် အမှတ်(၅)အခြေခံပညာ အထက်တန်း‌ကျောင်းမှ ကျောင်းသား ကျောင်းသူများက လူချွန်လူကောင်း တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

 

ယင်းနောက်ဆုရရှိကြသူများကိုယ်စား ပဲခူးတိုင်း‌‌ဒေသကြီး ပြည်မြို့အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းမှ မမေမြတ်သက်နွယ်မှ ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။

 

ဆက်လက်၍ ဇမ္ဗူသီရိမြို့နယ် အမှတ်(၆) အခြေခံပညာ အထက်တန်း‌ကျောင်းမှ ကျောင်းသား ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက တေးသရုပ်ဖော်သီဆို ဖျော်ဖြေတင်ဆက်ကြသည့် ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုချီးမြှင့်ငွေပေးအပ် ချီးမြှင့်သည်။

 

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာ‌မေးပွဲတွင် ပညာရေးဝန်ထမ်းသားသမီးများ အနက် (၆)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ(၄၅)ဦး၊ (၅)ဘာသာ ဂုဏ်ထူးရရှိသူ(၈၄)ဦး၊ (၄) ဘာသာဂုဏ်ထူးရရှိသူ (၁၅၆) ဦး၊ (၃)ဘာသာရရှိသူ (၃၇၀)ဦး၊ (၂)ဘာသာရရှိသူ (၄၆၇)ဦး၊ (၁)ဘာသာရရှိသူ (၁၇၂၁)ဦး၊ ရိုးရိုးအောင်မြင်သူ (၂၅၇၆)ဦးရှိပြီး ဂုဏ်ထူး(၁)ဘာသာလျှင် တစ်သိန်းကျပ်၊ ရိုးရိုးအောင်မြင်လျှင် ငါးသောင်းကျပ်ဖြင့် ပညာရေးဝန်ထမ်းသားသမီး (၅၄၁၉)ဦး အတွက် ချီးမြှင့်ငွေကျပ် (၆၃၆ ဒဿမ ၇၀ဝ) သန်းကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)