နေပြည်တော်   သြဂုတ် ၁၁
       
 ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများ ဗဟိုအဆင့်အထိမ်းအမှတ် အခမ်း အနားကို ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်၊ ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄) အစည်း အဝေးခန်းမတွင် ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းတို့ တက်ရောက်ခဲ့ကြသည်။
    
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ က ကျောင်းအခြေပြု ကျောင်းကျန်းမာရေး လုပ်ငန်းများဖြစ်သည့် ကျောင်းသားလူငယ်များ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကို မျှတစွာစားသုံးရေး၊ တစ်ကိုယ်ရေ သန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ကူးစက်ရောဂါကာ ကွယ်ရေး၊ ကိုယ်ကျန်းမာမှု၊ စိတ်ကျန်းမာမှုနှင့် လူမှု ရေး ကျန်းမာမှုတို့နှင့်ပြည့်စုံရေး စသည်တို့ နှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူဘဝမှ စတင်ကာ ကျန်းမာရေးအသိပညာ ဗဟုသု တများနှင့် ပြည့်စုံစေရေးနှင့်  ဘဝ တစ်လျှောက်လုံး လေ့ကျင့်သွားရမည့် အလေ့အကျင့်ကောင်းများကို ပျိုး ထောင်ပေးနိုင်ရေးသည် အထူးအရေးပါသည် ဖြစ်ကြောင်း။

ပညာရေးဝန်ကြီးဌာနသည် ကျန်းမာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ကျန်းမာရေးအဆင့်မြှင့် ကျောင်းထူထောင်ရေးလုပ်ငန်းများဖြစ်သည့် ကျောင်းအခြေပြု ကျန်းမာရေးအသိပညာမြှင့်တင်ရေး လုပ်ငန်း၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်း၊ ကျောင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊ ကျောင်းမှ ပြည်သူအတွင်းသို့ မူမှန်လူနေမှုဘဝဟန်များ ရောက်ရှိရေးလုပ်ငန်း၊ အာဟာရ ဖွံ့ဖြိုးရေး နှင့် အစားအစာအန္တရာယ်ကင်းဝေးရေးလုပ်ငန်းနှင့် ရောဂါကာကွယ်ရေးလုပ်ငန်းများကိုအရှိန်အဟုန် မြှင့် ဆောင်ရွက်လျက်ရှိကြောင်း။

ယခုကဲ့သို့ ကျောင်းကျန်းမာရေး ရက်သတ္တပတ် အခမ်းအနားကျင်းပခြင်းဖြင့် ကျောင်းကျန်း မာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ပညာရေးဝန်ကြီးဌာနအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ 
    
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း က ကျောင်းကျန်းမာရေး လုပ်ငန်းများနှင့် ကျန်းမာရေးအဆင့်မြှင့်ကျောင်း လုပ်ငန်းစဉ်များကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၊ နှီးနွှယ် အဖွဲ့ အစည်းအသီးသီးတို့မှ ဗဟို၊ တိုင်းဒေသကြီး /ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ကျောင်း စသည့် အဆင့်တိုင်းတွင် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရန်ဖြစ်ကြောင်း။

ယခု ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် သြဂုတ် (၇)ရက်မှ (၁၃) ရက်အထိ ကျရောက်သည့် ကျောင်းကျန်းမာရေးသီတင်းပတ်တွင် အခြေခံပညာကျောင်း၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော် ကြီးသင်စာသင်ကျောင်းများရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၆.၆)သန်းခန့်အား ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပထမအကြိမ် ကျောင်းအခြေပြု သန်ချဆေးတိုက်ကျွေးခြင်းကို ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများတွင် ကျောင်း ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ သက်ဆိုင်ရာအတန်းအလိုက် ခေါင်းစဉ်များ သတ်မှတ်ကာ ကာတွန်း/ပန်းချီရေးဆွဲပွဲ၊ ကဗျာ/စာစီစာကုံးရေးပွဲ၊ပြိုင်ပွဲများ ကျင်းပခြင်း၊ ဉာဏ်စမ်းမေးခွန်းများ မေးမြန်းခြင်း၊ သက်ရွယ်ဆင့်တူ အုပ်စုလိုက်ဆွေးနွေးခြင်း၊ ပညာပေးဟောပြောပွဲများ ကျင်းပခြင်း တို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထို့ပြင် လက်ဆေးနည်းအဆင့်ဆင့်နှင့် စနစ်မှန် သွားတိုက် ခြင်းတို့အား သရုပ်ပြခြင်း၊ သွားနှင့်ခံတွင်း ကျန်းမာရေးစစ်ဆေးခြင်း၊ ပြခန်းငယ် ပြသ ပညာပေးခြင်း၊ ကျောင်းတွင်း အာဟာရဖွံ့ဖြိုးရေးနှင့် အစားအစာများ အန္တရာယ်ကင်းဝေးရေးလုပ်ငန်းများတို့ကို ကျောင်းအလိုက် ဉီးစားပေးရွေးချယ်၍ ဆောင်ရွက်ကြမည်ဖြစ်ကြောင်း။
    
ကျောင်းသား၊ကျောင်းသူများဘဝတွင် ကျောင်းတော်ကြီးမှ ပျိုးထောင်ပေးလိုက်သည့် ကျန်း မာရေးနှင့်ညီညွတ်သော အလေ့အကျင့်ကောင်းများကို ဆက်လက်စွဲမြဲစွာ လိုက်နာ ကျင့်သုံးခြင်းဖြင့် ကျန်းမာသောနိုင်ငံသားများ ဖြစ်လာနိုင်စေရေးအတွက် တစ်မျိုးသားလုံးကျန်းမာဖို့ ကျောင်းကျန်းမာ ရေးမြှင့်တင်လို့ အားလုံး ပူးပေါင်းဆောင်ရွက်ကြပါစို့ ဟု ပြောကြားသည်။

ယင်းနောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများ အထိမ်းအမှတ်ဗီဒီယိုကို ပြသခဲ့ပြီး ကျောင်းသား၊ကျောင်းသူလေးများက “ဘဝတွက်တာ ကျောင်း ကျန်းမာ” သီချင်းဖြင့် ဖျော်ဖြေခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် တက်ရောက်လာသော ဧည့်သည်တော်များက အထိမ်းအမှတ်ပြခန်းငယ်ကို လှည့်လည်ကြည့်ရှု သည်။
အစီအစဉ်ဒုတိယပိုင်းအဖြစ် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် အမှတ် (၆)၊ အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်နေသော ကျောင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှားမှုများကို ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် တက်ရောက်လာသော ဧည့်သည် တော်များက အားပေးကြည့်ရှုသည်။ ယင်းနောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ်က အ.ထ.က (၆)ရှိ ကျောင်းသား၊ ကျောင်းသူများ အသုံးပြုရန်အတွက် ပါးစပ်နှင့်နှာခေါင်း စည်း (Mask)များ၊ ရေမလိုလက်သန့်စင်ဆေးရည်များနှင့် သွားတိုက်ဆေးဘူးများကို ကျောင်း အုပ် ကြီးထံသို့ ပေးအပ်သည်။ 

ထို့နောက် ကြွရောက်လာသည့် ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် တက်ရောက် လာသော ဧည့်သည်တော်များက ကျောင်းသား၊ ကျောင်းသူများကို သန်ချဆေးတိုက်ကျွေးခြင်း၊ ပျိုဖော်ဝင်ဆယ်ကျော်သက်ကျောင်းသူများကို သံဓာတ်အားဆေး ပေးဝေခြင်းနှင့် သူငယ်တန်း ကျောင်းသား၊ ကျောင်းသူများအား နို့၊ ကြက်ဉပြုတ်နှင့် ဌက်ပျောသီးအာဟာရများ ပေးဝေကြသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများ၏ စနစ်မှန်သွားတိုက်ခြင်း သရုပ်ပြခြင်းကို အားပေး ကြည့်ရှုခြင်း၊ ကျောင်းစာကြည့်တိုက်တွင် ကျောင်းသား၊ ကျောင်းသူများကို ကျန်းမာစေ ကြောင်း အလေ့အကျင့်ကောင်းများနှင့်ပတ်သက်၍ ဉာဏ်စမ်းမေးခွန်းများ မေးမြန်းခြင်းနှင့် လက်ဆောင် ပစ္စည်းများ ပေးအပ်ခြင်း၊ ကျောင်းခန်းမရှေ့ရှိစာသင်ခန်းများအတွင်းတွင် ကျောင်းသား၊ ကျောင်းသူ များမှ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ စာစီစာကုံးများ ရေးခြယ်သီကုံးနေမှုများကို လှည့်လည် အားပေး ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများနှင့် အထိမ်းအမှတ် အခမ်းအနားများကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ 

(သတင်းစဉ်)